All News Peace

ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၃

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ အောက်သဲမဝအုပ်စု ၊ ကျောက်ဖျာ ကျေးရွာနှင့် ဆင်အိုးဝ ကျေးရွာ အနီးဝန်းကျင်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် ၊ ဧပြီလ ၃၀ ရက် မနက် ၈ နာရီကျော်တွင် တစ်ကြိမ် ၊ မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ် နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့ပြီး မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်အထိ လက်နက်ကြီး အသံများ ကြားနေရသေးကြောင်း အောက်သဲမဝကျေးရွာရှိ ဒေသခံများက ပြောဆိုသည်။

“ ရွာနှစ်ရွာက လူတွေက အောက်သဲမဝကျေးရွာမှာပဲ နေတယ်။ အကုန်လုံးက စစ်ဘေးရှောင်နေရတယ်။ အခြေအနေက ဒီလိုပဲ ။ ဟိုဘက်နဲ့ ၁ မိုင်ကျော် နီးနီးတယ်။ နေရထိုင်ရတာ နည်းနည်းတော့ အဆင်ပြေတယ်။ ဒါပေမယ့် ၂ ၊ ၃ ရက် တစ်ပတ်လောက်ကျော်ရင်တော့ သူတို့မှာ စားနပ်ရိက္ခာတော့ ပြတ်လောက်တယ်။ ကျနော်တို့ရွာကနေ နည်းနည်းတော့ ထောက်ပံ့ပေးနေရတယ်။ မနေ့က သူတို့ တိုက်ပွဲ မဖြစ်တဲ့အချိန်တောင် သူတို့တွေ ပြန်သွားသေးတယ်။ ဒီမနက် ထပ်ဖြစ်လာတော့ ပြန်လာကြရတယ်။ သူတို့က တိုက်ပွဲအသံ နည်းနည်း မကြားရင်တော့ ရွာပြန်ပြီး စားနပ်ရိက္ခာ ၊ ဆန် အိတ်တွေ ၊ စောင်တွေ ယူတယ်။ အခုတောင် ရဟတ်ယာဉ် အသံတွေ ကြားရတယ်။ နီးနီးလေး ပျံနေတာ “ ဟု အောက်သဲမဝကျေးရွာသား တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း တိုက်ပွဲများကြောင့် ဒေသခံများ အခက်အခဲများ ကြုံနေပြီး ထိတ်လန့် နေကြကြောင်း ပြောဆိုကြသည်။

“ တိုက်ပွဲက ရွာရဲ့ အနီးဝန်ကျင်မှာ ဖြစ်တော့ ဒေသခံ ပြည်သူတွေက လက်နက်အသံတွေ ကြားနေရတော့ လုံးဝ ရွာ၊ အိမ်မှာ မနေရဲလို့ တစ်ဖက်ကမ်း ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ ၊ သူတို့နဲ့ နီးတဲ့ ရွာ အောက်သဲမဝ ရွာကို ထွက်ပြေးတယ်။ အဲဒီမှာ အလယ်တန်းကျောင်းမှာ ခိုလှုံတယ်။ ဒီမနက် ရွာပြန်ဖြစ်တော့ အဲဒီနားမှာ တိုက်ပွဲပြန်ဖြစ်တော့ ၊ အောက်သဲမဝရွာကိုပဲ ပြန်လာရတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူး ။ အသင်းအဖွဲ့အနေနဲ့ တော့ လက်ရှိအခြေအနေကို စောင့်ကြည်နေတယ်။ ထပ်ပြီးတော့ တိုက်ပွဲဖြစ်လို အခက်အခဲ ကြုံမယ်ဆိုရင်တော့ လိုအပ်တဲ့ ဝိုင်းဝန်းပြီး ကူညီပေးမှာပါ။ အခုလောလောဆယ် အခြေအနေကတော့ တိုက်ပွဲက ဖြစ်ပဲ ဖြစ်နေတဲ့အနေအထားပဲ ။ အခု အောက်သဲမဝရွာက အိမ်ခြေများတော့ သူတို့လောလောဆယ် ၁ ၊ ၂ ရက် စားဖို့တော့ အဆင်ပြေသေးတယ် “ ဟု ပလက်ဝမြို့နယ်လူမှုကူညီရေး ပရဟိတအဖွဲ့ ၊အတွင်းရေးမှူး ဦးကျော်အောင်က ပြောသည် ။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ ပလက်ဝတိုက်ပွဲ အခြေအနေမှာ ထူးခြားမှု မရှိကြောင်း ပြောဆိုသည်။

“ ပလက်ဝဘက်က တိုက်ပွဲအခြေအနေကတော့ မထူးခြားပါဘူး။ မတ် ၁ ရက်နေ့တော့ ပလက်ဝဘက် တိုက်ပွဲ တစ်ခု ဖြစ်ပွားတာ ရှိတယ်။ ကျနော်တို့ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက်ပဲ ကြာတယ်။ အဲဒီတစ်ခုပါပဲ။ ဟိုဘက် ဒီဘက်တော့ ကျဆုံးထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး “ ဟု တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများသည် အောက်သဲမဝကျေးရွာ ၊ အလယ်တန်းကျောင်းတွင် ခိုလှုံနေကြပြီး စစ်ဘေးရှောင် အရေအတွက် ၂၈၃ ဦး ရှိနေကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com