Local News Peace political news

ပလက်ဝတွင် တပ်မတော်က ပေါ်တာဆွဲမှုများ အကြီးအကျယ်ရှိနေဟုဆို၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မမှန်ဟု ငြင်းဆို

ရန်ကုန်၊ မေ ၁၃

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ ကုလားတန်မြစ် အထက်ပိုင်း ၊ ကျေးရွာနားအနီးတွင် စခန်းချနေသည့် အစိုးရတပ်ရင်းများက အနီးပတ်ဝန်းကျင်နားမှ ကျေး ရွာသားများကို ငွေကြေး အနည်းငယ်ပေးပြီး ရိက္ခာသယ်ယူရန် ပေါ်တာဆွဲတာမှု ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တပ်က ရိက္ခာသယ်ယူချိန်များတွင် ဒေသခံရွာသားများကို ပေါ်တာဆွဲပြီး ငွေကြေးပေး၍ ရိက္ခာသယ်ယူစေကြောင်း၊ ပေါ်တာတစ်ခါဆွဲလျှင် ၁၅ ဦးမှ ၂၀ ဦး အထိ ရွာသားများ လိုက်ပါ ဆောင်ရွက်ရကြောင်း သိရှိရသည်။

“ သူတို့က ရိက္ခာသယ်တဲ့အချိန်ရောက်ရင် ဆန်တစ်အိတ်ကို ၈ ထောင်ပေးတယ်။ ၁၅ မိုင်လောက် ဝေးတဲ့ သယ်ပို့ နေရတာ ဖြစ်တယ်။ ဆန်တစ်အိတ်ကို လူ ၂ ယောက်ထမ်းရင် တစ်ယောက်ကို ၄ ထောင်ရတယ်။ တခြားကုန်ပစ္စည်းတွေ ထမ်းခိုင်းဖို့ ခေါ်တဲ့အခါ ပေးတာက တစ်ရက်ကို ၅ ထောင်ပေးတယ်။ သူတို့ ကြားကာလအတွင်းမှ သူတို့ ရိက္ခာသယ်ရမယ့် အချိန်ရောက်ရင် သူတို့က ခေါ်တာပဲ ။ တစ်ခါ ခေါ်ရင် ၁၅ ယောက် ၊ ၂၀ ယောက်လောက် ခေါ်တယ်။ အခုက သူတို့က ၃ လ တစ်ခါ တပ်ထိုင်တဲ့အခါ မတူဘူး။ အခုရက်အတွင်း ထပ်ခေါ်တယ်။ တစ်ခါခေါ်ရင် တစ်ရက် ကြာတတ်တယ် “ ဟု မျက်မြင်တွေရှိသူ ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်က ရွာသားများကို ငွေကြေးပေး၍ ထမ်းခိုင်းခြင်းဖြစ်သော်လည်း အများစုသော ရွာသားများသည် အသက်အန္တရာယ်ရှိ၍ စစ်တပ်က ခိုင်းစေမှုများကို မလုပ်ဆောင်လိုကြောင်း ၊ သို့ရာတွင် အတင်းအကျပ် ခိုင်းစေမှုများ ရှိနေကြောင်း သိရှိရသည်။

ချင်းလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆလိုင်းတေရက “ ကျနော်တို့ အခုချိန် ကြားရသလောက် အခုရက်ပိုင်းအတွင်း ၂ ရက် ၊ ၃ ရက်ရှိပြီ ။ ပလက်ဝမြို့နယ် ၊ ကျွန်းချောင်းဝကျေးရွာကနေ ခမောက်ဝကျေးရွာအထိ စစ်တပ်တွေက သူတို့က ခေါ်တယ်။ တစ်ရက်ကို ၁၅ ယောက်ကနေ ၂၀ အထိ သူတို့ ပေါ်တာဆွဲနေတယ်။ ကျနော်တို့ အနေနဲ့ သူတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မ ခေါ်တာ မဖြစ်သင့်ဘူး ။ ဒါပေမယ့် သူတို့ ဆန္ဒအရ သွားရတာ မဟုတ်ဘူး ။ သူတို့က ကြောက်လိုသွားနေရတာ။ အဲဒါက လုံးဝမဖြစ်သင့်ဘူး။ အဲဒီဘက်က စစ်မြေပြင်လည်း ဖြစ်တယ်။ တိုက်ပွဲကအချိန်မရွေးဖြစ်တဲ့နေရာ ၊ “ ဟု ပြောသည်။

ချင်းလူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အနေဖြင့် တပ်မတော်က ပေါ်တာဆွဲသော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရန်ရှိကြောင်း ပြောဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက တပ်မတော်အနေဖြင့် ပလက်၀ တွင် ပေါ်တာဆွဲမှု လုံး၀ မရှိကြောင်း ၊ AA တပ်ဖွဲ့ဝင်များက ရွာသားများကို အတင်းအကျပ် ခိုင်းစေခြင်းဟု ကြားသိထားကြောင်း ပြောဆိုသည်။

” ကျနော် သိတာတော့ စစ်သားက ခေါ်ခိုင်းတာ မဟုတ်ဘူး။ AA က ပိုက်ဆံမပေးဘဲ အတင်းအဓမ္မ ခေါ်ခိုင်းတယ်လို့ ကြားတယ် ။ ဒေသခံတွေ ပြောတယ်ဆိုတာကလည်း ရခိုင်လူမျိုးတွေပဲ ပြောတာဖြစ်မယ်။ ကျနော်တို့ စစ်တပ်က ခေါ်ခိုင်းတာ မဟုတ်ဘူး။ ကျနော်တို့ သိရသလောက်တော့ AA ကနေ အတင်းအဓမ္မ ရွာတစ်ရွာကို ဆန် အိတ် ဘယ်လောက်ပေး ၊ ကျန်တာ ဘယ်လောက်ပေး ၊ အတင်းအဓမ္မ ပေးတာ ၊ ပြုတာတော့ ကြားတယ်။
ပေါ်တာဆွဲတာလည်း မရှိဘူး။ ငွေကြေးပေးတာလည်း မရှိဘူး။ အဲဒါတွေက ခေတ် ကုန်သွားပြီ ။ ကျနော်တို့ဆီမှာလည်း အဲဒီလိုလုပ်တာလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

AA တပ်ဖွဲ့ဝင်များသည် ပလက်ဝတွင် ငွေကြေး အတင်းအဓမ္မ ကောက်ခံမှုများ ရှိနေကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

” ရွာတွေမှ အတင်းအဓမ္မ ပိုက်ဆံ တောင်းတယ်။ နုန်းဖု ၊ ကကျီး ၊ ကတက် ၊ ကကျတို့ နားမှ AA တို့ ခဏခဏဝင်ပြီးတော့ ရွာတွေကို ဆန်တွေ ၊ သူကြီးခေါ် ၊ ဥက္ကဋ္ဌကို ခေါ်တယ်။ ငါတို့ကို ဆန် ၃ အိတ်လိုချင်တယ်။ ၄ အိတ်လိုချင်တယ်။ ပေးမလား ၊ မပေးဘူး။ မပေးရင် ဥက္ကဋ္ဌ သတ်ပစ်မယ် ၊ ဘာဖြစ်မယ် ခြိမ်းခြောက်ပြီးတော့ ဒီလို့တောင်းတာတွေ ရှိတယ်။ ဒါတွေပဲ ကျနော်တို့ ကြားမိတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်တပ်မတော် AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com