All News Local News Peace

ပလက်ဝတိုက်ပွဲကြောင့် AAနှင့်တပ်မတော်နှစ်ဖက် အကျအဆုံးရှိသည့်အပြင် အရပ်သားများပါ ထိခိုက်

ရန်ကုန်၊ မေ ၂၈

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ မောင်နှမကျေးရွာအနီးတွင်း မေလ ၂၆ ရက်နေ့က နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုကြောင့် AA နှင့်တပ်မတော်သားများအကြား နှစ်ဖက် အကျအဆုံးရှိသည့်အပြင် အရပ်သား ကျေးရွာသားများပါ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရှိရသည်။

“ ရွာသားတွေက ထွက်ပြေးတယ်။ ဒီဘက်၊ ဟိုဘက်အကျအဆုံးရှိတယ်လို့တော့ ပြောတယ်။ လူကြီးတစ်ယောက်တော့ မိုင်း ထိမိပြီး ဆေးရုံတော့ တက်လာတယ်။ တိုက်ပွဲကတော့ နှစ်ဦးနှစ်ဖက် အပစ်အခတ်တော့ ဖြစ်ကြတာပေါ့။ အဲဒီဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတော့ ဘယ်သူမှ သတင်းယူလို့မရဘူး “ ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝတိုက်ပွဲကြောင့် AA နှင့် တပ်မတော်ဘက်တွင် အကျအဆုံးရှိသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တပ်ဖွဲ့ တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ပလက်ဝမြို့နယ်အတွင်းရှိ ရှင်းလက်ဝကျေးရွာ ၊ မီးဇာကျေးရွာ ၊ကင်းတလင်းကျေးရွာနှင့် စဉ်ဘောင်ပျဉ်ကျေးရွာများသို့ စစ်ဘေးရှောင် ပြည်သူ များ လာရောက်ခိုလှုံနေရကြောင်း သိရသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ မကြာခဏဖြစ်ခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ တိုးပွားလာပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုသည်။

“ တစ်ရက်ပြီး တစ်ရက်ဖြစ်နေတော့ စစ်ဘေးရှောင်ဦးရေ က ခန့်မှန်းရ ခက်တယ်။ တစ်ထောင်ကျော်ကနေ လူဦးရေက တိုးတိုးလာတယ်။ စစ်ဘေးရှောင့်တွေအတွက်နေရာ ၃ ၊ ၄ နေရာတော့ စခန်းတွေရှိတယ်။ အဲဒီမှာ နေကြတယ် ။ ပလက်ဝဘက်မှာ တိုက်ပွဲတွေ စဖြစ်တာက ၂၀၁၇ ၊ အဲဒီကတည်းက စဖြစ်နေတာ။ လက်ရှိတော့ တည်ငြိမ်မှု မရှိဘူး။ ကျနော်တို့က အမြဲတမ်း ကြောက်ကြောက်လန့်လန့်ပါပဲ။ စစ်ဘေးရှောင်တွေကို ကူညီဖို့တော့ ဘာမှ မရှိဘူး။ သူတို့လက်မှတ်တွေ သက်ဆိုင်ရာ ကို ရေးပို့တော့ ဆန်တွေ ကူညီတာ ရှိတယ်။ ဒါပေမဲ့ ဒါတွေ လုံလုံလောက်လောက် မရဘူး။ အခက်အခဲကတော့ ဆန် ၊ ဆီ ၊ ဆား၊ ငပိ ၊ လုံလောက်စွာ တင်လို့မရဘူး။ တအား ခက်ခဲမှု ရှိတယ်။ တိုက်ပွဲကတော့ လက်နက်ကြီးငယ်သံတွေ အမြဲတမ်း ကြားနေရတယ်” ဟု ကူညီဆောင်ရွက်ပေးသူ ၊ ဒေသခံတစ်ဦးက ပြောဆိုသည်။

ပလက်ဝမြို့အတွင်း တိုက်ပွဲအခြေအနေများကြောင့် ဒေသခံအာဏာပိုင်များမှ ဆန်သယ်ယူခွင့်ကို ကန့်သတ်လိုက်မှုကြောင့် အညံ့ဆုံး ဆန်ဈေးမှာ ကျပ် ၃ သောင်းကျော်အထိ မြင့်တက်နေကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရသည်။

“ ဆန်အခြေအနေက ပလက်ဝမြို့ပေါ်မှာ တစ်အိတ်ကို အညံ့ဆုံးဆိုရင် ၃ သောင်းခွဲ ၊ နယ်ဘက်ဆိုရင် ၄ သောင်း ဖြစ်သွားပြီ ။ ဆန်တော့ မပိတ်ဘူး။ သို့သော် ဆန်က မလောက်ဘူး။ ဆန်ကမလုံလောက်တော့ ဆန်ကို ဈေးမြင့်ပြီး ရောင်းကြတယ်။ ဆန်သယ်ခွင်လည်း ကြိုက်သလောက်လည်း သယ်ခွင့်မပေးဘူး။ ကန့်သတ်ထားတုန်းပဲ။ သယ်ဖို့တော့ နည်းနည်းတော့ ရတယ်။ ပလက်ဝမြို့ပေါ်အထိဘဲ။ ဒါပေမဲ့ မြို့ပေါ်လည်း ဆန် မလောက်ဘူး“ ဟု အမည်မလိုသူ ဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ် မတ်လ မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားပြီးနောက် လမ်းပြအဖြစ်ခေါ်ဆောင်ခံရခြင်း၊ ကျေးရွာများအနီးတွင် မိုင်းထောင်ခြင်း ကြောင့် မိုင်းထိသေဆုံးခြင်း ၊ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းများ ရှိနေသည့်အတွက် တိုက်ပွဲနှင့် လွတ်ကင်းရာသို့ ပြောင်းရွေ့နေထိုင်မှုများ ရှိလာကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com