Local News political news

ဒေါ်အောင်ဆန်းစုကြည် ဇွန်လဆန်း သွားရောက်မယ့် ချက်သမ္မတနိုင်ငံခရီးစဉ်မှာ ဘာတွေ လုပ်မလဲ

လင်းသန့် / ပရာဟာ

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် လာမည့် ဇွန်လ ဆန်းတွင် ချက်သမ္မတနိုင်ငံ ပရာဟာမြို့သို့ လာရောက်မည်ဖြစ်သည်။

၄ ရက်တာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ သမ္မတာ မစ္စတာ ဇီမန်း၊ ဝန်ကြီးချုပ် အွန်ဒရေ ဘာဘစ်ရှ်၊ နိုင်ငံခြားရေး ဝန်ကြီး တောမာ့ရှ် ပက်ထရစ်ရှက်ခ်နှင့် ပါလီမန်အမတ်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၄ ရက်နေ့တွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးတွင်ကျင်းပမည့် ချက်နှင့်မြန်မာ စီးပွားရေး ဖိုရမ်တွင် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ချက်သမ္မတ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအပြင် ချက်သမ္မတနိုင်ငံမှ အစိုးရ အရာရှိကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ပရာမြို့တွင် ဖွင့်လှစ်မည့် မြန်မာသံရုံးဖွင့်ပွဲကိုလည်း တက်ရောက်မည်ဖြစ်သည်။

ယခင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ကောင်းများ ရှိခဲ့ကြပြီး ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် သံတမန်ဆက်ဆံရေး အားနည်းခဲ့ပြီး ယခု မြန်မာသံရုံးဖွင့်လှစ်လိုက်ခြင်းသည် နှစ် နိုင်ငံ ဆက်ဆံရေး စာမျက်နှာသစ် ပြန်လည်ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ချက်သမ္မတနိုင်ငံ၏ သံရုံးကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ၂ နိုင် သံတမန်ရေး၊ ကုန်သွယ်ရေး ကိစ္စများကို တိုးတက်မြင့်မားစေရန် လုပ်ဆောင်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလကလည်း လာရောက်ခဲ့ပြီး ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားကလပ်စ်ဟာဗဲလ် တည်ထောင်ထားခဲ့သည့် ဖိုရမ် ၂၀၀၀ ညီလာခံသို့လည်း တက်ရောက်ခဲ့သည်။

ချက်ကိုစလိုဗက်ကီးယားနိုင်ငံတွင် ကွန်မြူနစ် အစိုးရအား ကတ္တီပါ တော်လှန်ရေးနှင့် ဒီမိုကရေစီ အောင်ပွဲခံပြီးနောက် သမ္မတ ဖြစ်လာသူ ဗားကလပ်စ်ဟာဗဲလ်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းသူ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်ပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ချီးမြင့်ခံခဲ့ရသည်။

ဓာတ်ပုံ- ၂၀၁၃ ခုနှစ်က ချက်သမ္မတနိုင်ငံသို့ ရောက်ရှိပြီး ဖိုရမ် ၂၀၀၀ ညီလာခံ တက်ရောက်ခဲ့သည်။
Photo Credit – Getty Image

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com