All News Local News

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို အင်းစိန်ထောင်တွင် အကြမ်းဖက် လက်ထိပ်ခတ်ပြီးမှ ရုံးထုတ်၊ ဝန်းရံသူ ၅ ဦး အာမခံရရှိ

ရန်ကုန်၊ မေ ၂၂

တပ်မတော်က တရားစွဲဆိုခြင်းခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးကို မရမ်းကုန်းမြို့နယ်တရားရုံးသို့ ရုံးထုတ်ခေါ်ဆောင်ခြင်းမပြုမီ အင်းစိန်ထောင်တွင် အကြမ်းဖက် လက်ထိပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သောတနင်္လာနေ့တွင်လည်း ဗိုလ်တထောင်တရားရုံးတွင် သံချပ်အဖွဲ့ဝင်၇ဦးအား လက်ထိပ်ခတ်ကာရုံးထုတ်ခဲ့ပြီး အဆိုပါကိစ္စကြောင့် ဗိုလ်တထောင်ရုံးချိန်းတွင် ရဲတပ်ဖွဲ့ဝင်နှင့် သံချပ်အဖွဲ့အားလာရောက်ဝန်းရံသူများအကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

“ဒီနေ့လည်း မရမ်းကုန်းမြို့နယ် တရားရုံးကို မလာမီ အင်းစိန်ထောင်မှာ အကြမ်းဖက် လက်ထိပ်ခတ်တယ်။ တရားရုံးမှာလည်း လက်ထိပ်မဖြုတ်ပေးရင် တရားရုံးမဝင်ဆိုဘူးဖြစ်တော့ လက်ထိပ်တစ်ဖက် ဖြုတ်ပေးတယ်” ဟု ဝန်းရံသူ ကိုနန်းလင်းက ပြောသည်။

ယနေ့တွင်လည်းတရားရုံးသို့အချုပ်ကားရောက်ရောက်ချင်းတွင် သံချပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင့်က “ကျနော်တို့ ဒီနေ့လည်းအကြမ်းဖက်ပြီးလက်ထိပ်ခတ်ခံခဲ့ရတယ်’ ဟုပြောသည်။

ဗိုလ်တထောင်တရားရုံးတွင် ရဲတပ်ဖွဲ့နှင့် ဝန်းရံသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် မနီလာသိန်း၊ ကိုနန်းလင်း၊ ကိုနိုင်ကိုသူ၊ မရှားယမုံ၊ ကိုမင်းဟန်ထက်တို့ကို ပုဒ်မ ၄ ခုဖြင့် ဗိုလ်တထောင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး အမှုဖွင့်ခံရသူအားလုံး ယနေ့ အာမခံရရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ လူငယ်များကို ပုဒ်မ ၅၀၅ က ၊ ပုဒ်မ ၆၆ ဃတို့ဖြင့် ဗိုလ်တထောင်၊ မရမ်းကုန်း၊ ဖျာပုံ အပါအဝင် မြို့နယ် အတော်များများတွင် အမှုဖွင့်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts