All News interview

“ဒီလိုအဖြစ်ဆိုးတွေ မမြင်ချင် ၊ မကြားချင်ဘူး။ မဖြစ်ပါစေနဲ့ ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အဲဒါပဲ ပြောချင်တယ်”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ကျောက်တန်းရွာသို့ သွားရောက်ခွင့်ရသူ အောင်မြေကုန်းဆရာတော်နှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ရွာသား ၂၇၅ ဦး စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ကျေးရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် ကျေးရွာတစ်ခုလုံးကိုလည်း စစ်တပ်က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေချိန် သံဃာတော်တချို့ကို ယင်းကျေးရွာသို့ သွားရောက်ခွင့် အစိုးရက ခွင့်ပြုခဲ့ရာ သွားရောက်ခွင့်ရရှိခဲ့သူ အောင်မြေကုန်းဆရာတော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့ ( စစ်တွေ) ၊ နာယက အောင်မြေကုန်းဆရာတော်နှင့်ဆက်သွယ်မေးမြန်းချက်

မေး ။ ။ မေလ ၅ ရက်နေ့က ကျောက်တန်းကျေးရွာ သွားရောက်ခဲ့တော့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရွာသားတွေ အခြေအနေ ဘယ်လို တွေ့ခဲ့ပါလဲ။

ဖြေ။ ။ ဖမ်းဆီးခံထားရတဲ့ လူတွေ ရဲ့ စားဝတ်နေရေး ၊ ပြီးတော့ ပြန်လွှတ်ပေးရေး သူတို့ ပကတိ သတင်းတက်လာတဲ့အခြေအနေ နဲ့ မြေပြင်အခြေအနေကို သိချင်တဲ့အတွက် ဒီက စစ်တွေက ဆရာတော်ကြီးတွေ တာဝန်ပေးချက်အရ ဘုန်းကြီးတို့က သွားလိုက်တယ်။
ဘုန်းဘုန်းတို့ စစ်တွေကို ရသေ့တောင်က ဆရာတော် ၊ ဦးဇင်းတွေ ရောက်လာတယ်။ ကျောက်တန်းမှာ ဖမ်းဆီးခံထားရတဲ့ အဲ့ဒီလူတွေကို ကယ်ထုတ်ပေးဖို့ လာပြောကြတယ်။ နောက် ဘုန်းကြီးတွေ ၊ လူတွေပြောတဲ့စကားအရ စစ်တွေမှာ အစည်းအဝေး လုပ်ပြီး ဆရာတော်ကြီးရဲ့ ညွန်ကြားချက်ကို အကြောင်းပြပြီး သွားလိုက်တယ်။ သွားရောက်တဲ့အခါ ဒီက နယ်လုံဝန်ကြီးကို ခွင့်တောင်းပြီးမှ ဘုန်းကြီး ဘယ်နှစ်ပါး ကြွမယ် အဲဒီလို အကြောင်းကြားပြီးမှ သွားတာပါ။

မေး ။ ။ ဆရာတော် သွားရောက်စဉ် စစ်တပ်ဘက်ကတော့ တားဆီးမှုတွေ ရှိလား။

ဖြေ။ ။ မရှိပါဘူူး ။ ဒီကနေ ဘုန်းဘုန်းတော်သွားမယ့် မနက် ၆ နာရီအချိန် စထွက်တာနဲ့ နယ်လုံဝန်ကြီးကို အကြောင်းကြားတယ်။ ဘုန်းဘုန်းတို့ စထွက်ပြီ ဆိုတာနဲ့ ပြောခဲ့တယ်။ အဲဒါကြောင့် ဟိုမှာ ပြောထားမယ်ဆိုတော့ ဘုန်းဘုန်းတို့ကို စစ်လားဆေးလား ဘာမှ မရှိဘူး။

မေး ။ ။ ကျောက်တန်းကျေးရွာက ရွာသားတွေကို ထိန်းသိမ်းထားတဲ့နေရာရောက်တော့ စစ်တပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဖြစ်လား။ ဘာတွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ဗျူဟာမှူး ကျော်ကျော်ဟန် ဆိုတဲ့ ဒကာကြီးနဲ့ တွေ့တယ်။ တွေ့တော့ မြေပြင်အခြေအနေက ဘုန်းကြီးတို့ ရောက်တဲ့အချိန်မှာ ဖမ်းဆီးခံထားရတဲ့သူတွေကို အပင်တွေခိုပြီးတော့ ထမင်းစားနေကြတယ်။ ထမင်းစားတယ်ဆိုတာကလည်း အဲ့ဒီရွာက သူတို့မိသားစုတွေက လာပို့တဲ့ ထမင်းတွေကို စားနေကြတာ။ ရွာသား ၁၃၁ ယောက် လို ပြောတယ်။ လက်ရှိ စာသင်ကျောင်းမှာပဲ ထားထားပေးတယ်။

မေး။ ။ ရွာသားတွေ အခြေအနေတွေကော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ အဲ့မှာတော့ ဘုန်းဘုန်း က စုပြုံပြီး တွေ့ရတယ်။ ဒဏ်ရာ ဒဏ်ချက်တော့ မတွေ့ရဘူး။

မေး ။ ။ ရွာသားတွေကို ဘာကြောင့် ဖမ်းဆီးထားတာလဲ ပြောဆိုခဲ့တာတွေ ရှိလား။

ဖြေ။ ။ ပြောဆိုခဲ့တာ ရှိတယ်။ သူတို့က တပည့်တော်တို့က မှားတာ မဟုတ်ဘူး။ ရွာဆော်နဲ့ ခေါ်ပြီးတော့ တပည့်တော်တို့ ဒီလို ခေါ်တာပါ။ ပြီးမှ စစ်ဆေးစရာ ရှိတာ စစ်ဆေးတယ်။ အဲဒီလိုပြောတယ်။ ဖမ်းတာ မဟုတ်ဘူးတဲ့။

မေး။ ။ ဖမ်းဆီးခံရတဲ့ ရွာသားတွေနဲ့ တွေ့ပြီး စကားကော ပြောဆိုခဲ့တာ ရှိလား။
ဖြေ။ ။ ရွာသားတွေနဲ့ ဘုန်းဘုန်းတို့ သီးသန့်တော့ မတွေ့ဖြစ်ဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတို့လာတော့ ထီးဆောင်းပေးတာတော့ ရှိတယ်။ ရွာသား ၆ ယောက်သေတဲ့ကိစ္စတော့ မပြောဖြစ်လိုက်ဘူး။ ဘုန်းဘုန်းတို့ ရည်ရွယ်ချက်က ဖမ်းဆီးခံထားရတဲ့လူတွေ ပြန်လွှတ်အောင် နဲ့ တပ်အနေနဲ့ နောက်ထပ် ဒီလိုရမ်းကားမှုတွေ မဖြစ်စေဖို့အတွက် အဲဒီလို ရည်ရွယ်ပြီး သွားကြတာကို။ သေဆုံးသွားတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ ဘုန်းဘုန်းတို့လည်း ဆွမ်းစားအချိန်နဲ့ နီးလာတော့ အခြေအနေကို မေးလာလို့ မရဘူး ။

မေး ။ ။ တပ်ဘက် ဗျူဟာမှူးကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံပြောဆိုခဲတာတွေ ရှိလား။

ဖြေ။ ။ မေတ္တာရပ်ခံတာက ဒီအချိန်က ပူတဲ့အချိန်ဖြစ်နေတယ်။ သူတို့တွေကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီးတော့ လွှတ်ပေးဖို့ ၊ ဥပဒေနဲ့ ငြိရင်လည်း ဥပဒေနဲ့ ငြိတဲ့အလျောက် ဆောင်ရွက်ပေါ့ ။ တာဝန်ပိုင်းဆိုင်ရာ ၊ မငြိတဲ့လူတွေကို မြန်မြန်ဆန်ဆန် လွှတ်ပေးဖို့ ၊ ရွာကို ဘယ်သူမှ ဝင်ထွက်သွားလာခွင့် မပြုဘူးဆိုတာကလည်း သူတို့က ပြန်ပြောတယ်။ တပည့်တော်တို့ စစ်ဆေးနေတဲ့ ကာလမှာ မဖြစ်သင့်တဲ့တာတွေ ရောပြီးတော့ ပါလာရင် ၊ မဖြစ်သင့်တာ ဖြစ်သွားမှာဆိုးလို လူကို အဝင်အထွက်မပေးဘူး ။ အဲ့လို ပြောတယ်လေ။

မေး ။ ။ ဖမ်းဆီးခံရတဲ့သူတွေကို မိသားစုနဲ့ ပေးမတွေ့ဘူး။ ဖမ်းဆီးနှိပ်စက်တဲ့ဆိုတဲ့ သတင်းတွေ ကြားနေရတဲ့အပေါ် ဘုန်းဘုန်းတို့ဘက်က ဘာများ ပြောဆိုဖြစ်တာရှိသေးလဲ။

ဖြေ။ ။ ညှင်းပန်း နှိပ်စက်မှုလည်း မတွေ့ရ ဘူးဆိုတာက ၊ သွားတွေ့တဲ့အချိန် ထမင်းစားနေတယ်ဆိုတော့ မိသားစု နဲ့ တွေ့တာပဲလေ။ ဟုတ်တယ်မလား ၊ တိတိကျကျတော့ သူတို့က စစ်လားဆေးလား လုပ်နေတဲ့အချိန်ဆိုတော့ သီးသန့် ထောင်ဝင်ခွင့် ၊ တွေလာ ပုံစံ မျိုး ၊ သီးသန့်တော့ တွေ့ပေးမှ မဟုတ်ဘူး။ ဒါပေမဲ့ ထမင်းပို့တဲ့အချိန် ၊ အဲ့ဒီအချိန်မှာ အိမ်က တစ်ယောက်ယောက်လာပေးရင် ၊ အဲ့တာက မိသားစုနဲ့ တွေ့တယ်လို့ ယူဆရမှာပေါ့။

မေး ။ ။ စစ်ဆေးနေတဲ့ ရက်ကြာမြင့်နေတဲ့ အပေါ်မှာရော။

ဖြေ။ ။ ဗျူဟာမှူး ပြောတာက မြန်မြန်ဆန်ဆန် စစ်ဆေးပြီးတော့ လွှတ်ပေးမယ် ပြောတယ်။

မေး ။ ။ မေလ ၅ ရက်နေ့ က ဘုန်းဘုန်းတို့ ကျောက်တန်းရွာ သွားတဲ့အချိန် ၊ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က မေလ ၅ ရက်နေ့က နေပြည်တော်မှ သတင်းရှင်းလင်းပွဲ ပြုလုပ်သေးတယ်။ သတင်းရှင်းလင်းပွဲက ပြောဆိုချက် သဘောထား နဲ့ မြေပြင်အခြေအနေအပေါ် ဘယ်လို သုံးသပ်ချင်တာ ရှိလဲ။

ဖြေ။ ။ ဘုန်းဘုန်းက သတင်းစာရှင်းလင်းပွဲကို မကြည့်ဖြစ်ဘူး။ ဒီမှာက ဒီနေ့ အစည်းအဝေးလုပ်မယ်ဆိုတဲ့ဟာတွေကို လုပ်နေကြတယ်။ ဒီနေ့ ဘုန်းဘုန်းတို့မှာ အစည်းအဝေး ပွဲရှိတယ်။ အစည်းအဝေး ဆက်တိုက် ၊ ဟိုကိုလည်း သွားထားရတော့ ဒီသတင်းကို မကြည့်ဖြစ်ဘူး။ ဒီကိစ္စကို မပြောနိုင်ဘူး။

မေး။ ။ ဒီဖြစ်စဉ်အပေါ် ဘာများ ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ ဘုန်းဘုန်းတို့အဖွဲ့က မေးတယ်။ AA အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဘယ်နှစ်ယောက်တွေ့တုန်း ၊ အဲ့လို ပြောတော့ ။ ဗျူဟာမှူးက တပည့်တော်တို့ ပေးထားပြီးပြီတဲ့။ သတင်းအမှန်ပြန်ကြားရေးအဖွဲ့ကို ပေးထားပြီးပြီတဲ့။ တပည့်တော်တို့ မဖြေရစေနဲ့ အဲ့လိုတော့ ပြောတယ်။ ပြောချင်တာတော့ အများကြီးပဲ။ ဒါပေမဲ့ နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ မမြင်ချင် ၊ မကြားချင်ဘူး။ မဖြစ်ပါစေနဲ့ ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အဲဒါပဲ ပြောချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts