Local News political news

ထောင်မကြောက်ဟုဆိုခဲ့သည့် ဦးဝီရသူ ကြေညာထားသည့်အတိုင်း ထွက်မလာဘဲ ထွက်ပြေးတိမ်းရှောင်

ထောင်မကြောက်ဟုဆိုခဲ့သည့် ဦးဝီရသူ ကြေညာထားသည့်အတိုင်း ထွက်မလာဘဲ ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ မေ ၃၀

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခံထားရသော ဦးဝီရသူသည် ခေါင်းရှောင်တတ်ခြင်းမရှိဘဲ ရန်ကုန်တိုင်းသံဃနာယရုံးသို့ လာရောက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်ကိုတွေ့ရသည်။

ရုရှ လူမှုကွန်ရက် VK တွင် မေလ ၉ ရက်နေ့ တင်ထားသည့် Video ဖိုင်တွင် ဆရာတော် ဦးဝီရသူက ထောင်ကို မကြောက်၊ အမှောင်ကိုသာ ကြောက်သည်ဟု ပြောဆိုခဲ့သည်။

ယနေ့ မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနနှင့် အင်တာဗျူး တွင် လည်း တိုင်းသံဃာနာယကရုံးသို့ မွန်းလွဲ ၂ နာရီ သွားရောက် သြဝါဒ ခံယူမည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ သွားရောက်ခဲ့ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။

ဦးဝီရသူကို လာရောက်ဝန်းရံသည့် သံဃာတော်များ၊ ပုဂ္ဂိုလ်များက ကြေးသွင်းဘုရားရှေ့တွင် မွန်းလွဲ ၂ နာရီ စုရုံးခဲ့ပြီး ရွှေတိဂုံဘုရားပေါ်တက်ကာ ဦးဝီရသူ ဘေးကင်းရေး မေတ္တာပို့ အမျှဝေခဲ့ကြသည်။

” ဆရာတော်က ထောင်ကို မကြောက် အမှောင်ကိုပဲ ကြောက်တဲ့သူပါ လို့ သြဝါဒ ပေးတယ်။ ဆရာတော်သည် သူရဲ့ ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဥပဒေအတိုင်းကန့်ကွက်ရှုတ်ချတာတွေလုပ်ဆောင်မယ်။ ဥပဒေမဲ့ လုပ်ဆောင်လာတာတွေကတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ကတော့ တရားဝင် မီဒီယာရှေ့မှာ ပြောကြားတယ်။ ကျနော်တို့ ပုန်းလျှိုးကွယ်လျှိုးမလုပ်ဘူး။ ဆရာတော်က ရဲတပ်ဖွဲ့က လိုက်ဖမ်းလိုက်ရအောင် ခက်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ တစ်နိုင်ငံလုံးကလည်း သိတယ်။ တစ်နိုင်ငံလုံးက သိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ရှောင်ပြေးမယ့် ပုဂ္ဂိုလ်မဟုတ်ဘူး” ဝန်းရံသူ ဦးဝင်းကိုကိုလတ်က ပြောသည်။

ယမန်နေ့ကရဲတပ်ဖွဲ့က ဦးဝီရသူ သီတင်းသုံးရာ မန္တလေး၊ မစိုးရိမ်တိုက်သစ်ကို သွားရောက် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရပေ။ ဦးဝီရသူက ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၏ သြဝါဒ ခံယူရန် ရန်ကုန်သို့ ရောက်ရှိနေကြောင်း၊ အဖမ်းခံမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့ရာတွင်မူ ဦးဝီရသူသည် လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းမရှိပေ။ ၎င်း ကြေညာ ဖြေဆိုထားသည့်အတိုင်းလည်း တိုင်းသံဃနာယကအဖွဲ့ရုံးသို့လည်း ယခုအချိန်အထိ လာရောက်ခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး မျိုးသူစိုးကမူ ဖမ်းဝရမ်းကို ရဲတပ်ဖွဲ့ က ရရှိထားပြီး ဖမ်းဆီးရေးလုပ်ငန်းများကို သံဃနာယက အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဦးဝီရသူကို အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်တရားရုံးတွင် ပုဒ်မ ၁၂၄ (က) ဖြင့် အရေးယူပေးရန် တရားရုံးဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရိုက်တာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts