Local News political news

တောင်ဒဂုံ အစ္စလမ် ယာယီဝတ်ပြုဆောင်များ ပိတ်ပင်မှုတွင် Facebook လူမှုကွန်ရက်ကို အသုံးပြု ချိတ်ဆက် လှုံ့ဆော်ခဲ့

By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေဖို့ ရည်ရွယ်တဲ့ ရုန်းရင်းဆန်ခတ် အစ္စလမ်ဝတ်ပြုဆောင်တွေ ပိတ်ခိုင်းမှု မေလ ၁၄ ရက်နေ့နဲ့ မေလ ၁၅ ရက်နေ့ ညတွေမှာဖြစ်ပွားခဲ့ပါတယ်။ လူအင်အား ၂၀၀ လောက်က ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားတဲ့ ၂၆ ရပ်ကွက်၊ ၁၀၆ ရပ်ကွက်နဲ့ ၆၄ ရပ်ကွက်မှာရှိတဲ့ ယာယီဝတ်ပြုဆောင်တွေကို အတင်းအကျပ် ဖိအားပေး လူအင်အားနဲ့ ခြိမ်းခြောက် ပိတ်ပင်ခဲ့ကြတာပါ။ ဒီပိတ်ပင်မှုမှာ Facebook လူမှုကွန်ရက်ကို အဓိက သုံးပြီး လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့်ကိုယ်တိုင်ကလည်း လူမှုကွန်ရက်ကို အသုံးပြုပြီး ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ အခင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ မိုက်ကယ်ကျော်မြင်ရဲ့ Facebook Account ကို ရှာမရတော့ပါဘူး။ လူမှုကွန်ရက် အသုံးပြု လှုံ့ဆော်ခဲ့သူတွေ တော်တော်များများလည်း အစိုးရက အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့အသံတွေကြောင့် သူတို့ အသုံးပြုနေတဲ့ Facebook တွေကို Deactivate လုပ်တာတွေလည်းရှိပါတယ်။ ဒီအထဲကမှ လူမှုကွန်ရက်ကို တကယ်သုံးပြီး တောင်ဒဂုံ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်နေမှုတွေ ကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။

Thein Zaw Account ၂ ခု

တောင်ဒဂုံက အစ္စလမ် ဝတ်ပြုဆောင်တွေ လူအင်အားနဲ့ပိတ်ပင်မှုတွေမှာ Thein Zaw Facebook Account က Live လွှင့်တာ၊ တောင်ဒဂုံကို လာကြဖို့ နဲ့ လှုံ့ဆော်တာ၊ အစ္စလမ် ဝတ်ပြုကျောင်းတွေ ပိတ်ပင်ခံရမှု သဘောတူလက်မှတ်စာရွက်စာတမ်းတွေကို ပြန်ရှယ်တွေ အများအပြား မြင်ရပါတယ်။

Thein Zaw Facebook Address က https://www.facebook.com/profile.php?id=100019443913816 ဖြစ်ပါတယ်။ သူငယ်ချင်းအရေအတွက် ၃၄၇ ရှိပါတယ်။ Thein Zaw အကောင့်ကနေ မိုက်ကယ်ကျော်မြင့် ပြောဆိုမှုတွေ Live လွှင့်ခဲ့တာတွေ လည်းရှိပါတယ်။

နောက်ထပ် Thein Zaw Account တစ်ခုကတော့ https://wwwfacebook.com/profile.php?id=100019374619472 ဖြစ်ပါတယ်။ သူငယ်ချင်းအရေအတွက် ၅၂၃ ဦး ရှိပါတယ်။ ဒီအကောင့်နှစ်ခုက အတော်ကို Active ဖြစ်တာ တွေ့ရပါတယ်။ Thein Zaw အကောင့်တွေက တောင်ဒဂုံဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘာတွေ လုပ်ခဲ့လဲ ကြည့်ရအောင်ပါ။

မေလ ၁၅ ရက်နေ့ ည ၁၀ နာရီ ၂၃ မိနစ်မှာ Thein Zaw Account ကနေ အနီရောင် နောက်ခံနဲ့ “တောင်ဒဂုံမြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့ စုကြပါ အမျိုးတို့” ဆိုပြီး တင်ထားခဲ့ပါတယ်။

မေလ၁၅ ရက်နေ့ ည ၁၀ နာရီ ၂၆ မိနစ်မှာ Thein Zaw Account က တောင်ဒဂုံမှာ မိုက်ကယ်ကျော်မြင့် ယာယီဝတ်ပြုဆောင်တွေနဲ့ပတ်သက်လို့ ပြောဆိုမှုတွေ Live လွှင့်ခဲ့ပြီး ၃ မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ်။ Thein Zaw Account Account ကပဲ ၁၀ နာရီ ၃၀ မိနစ်မှာ တောင်ဒဂုံ အခြေအနေနဲ့ပတ်သက်လို့ စက္ကန့် ၂၇ စက္ကန့်ကြာအောင် Live လွှင့်ခဲ့ပါတယ်။ အလားတူပါပဲ။ ည ၁၀ နာရီ ၃၁ မိနစ်မှာလည်း ထပ်မံပြီး မိုက်ကယ်ကျော်မြင့် ပြောဆိုမှုတွေ ထပ်မံ Live လွှင့်ခဲ့ပါသေးတယ်။ ဒါ့အပြင် တောင်ဒဂုံယာယီဝတ်ပြုဆောင်က အစ္စလမ် ဘာသာရေးဆရာတွေ လက်မှတ်ထိုးထားတဲ့ ဝတ်ပြုဆောင်ပိတ်မယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို လည်း တင်ထား၊ ရှယ်ထားတာတွေ လုပ်ဆောင်တာလည်း တွေ့ရပါတယ်။

Moe Myint Man Account

Moe Myint Man Facebook Account ဟာ တောင်ဒဂုံ ဖြစ်စဉ်မှာ အဓိက လူတွေ အမြန်ဆုံးလာကြဖို့ ဖိတ်ခေါ်ခဲ့တဲ့ အကောင့်တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ အကောင်ဟာ Deactivate သို့မဟုတ် ဖျက်သိမ်းတာမျိုးကြောင့် ရှာဖွေ မရနိုင်တော့ပေမယ့် သူတင်ခဲ့တာ တွေကို Screen Shot တွေကျန်ရှိနေဆဲပါပဲ။

မေလ ၁၄ ရက်နေ့ ညနေပိုင်းမှာ Moe Myint Man အကောင့်ကနေ ” တောင်ဒဂုံ ၂၆ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို အမျိုးသားရေး သမားများ အဆင်ပြေမယ်ဆိုရင် အခုချက်ချင်းလာခဲ့ပေးပါ။ အမျိုးသားရေး အင်အား လိုအပ်နေပါတယ်။ အနီရောင် အဆင့် အခြေအနေဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

မေလ ၁၄ ရက်နေ့ညပိုင်းမှာ တောင်ဒဂုံ ၂၆ ရပ်ကွက်မှာရှိတဲ့ ယာယီဝတ်ပြုဆောင်ကို ပိတ်ဖို့ လူအင်အား ၂၀၀ နဲ့ ဝိုင်းဝန်း ပိတ်ခိုင်းခဲ့မှုဟာ အထမြောက်အောင်မြင်ခဲ့ပါတယ်။

Ko Kyaw Gyi / Zaw Myo Aung Account

နာမည်နှစ်မျိုးပေမယ့် တစ်ဦးတည်းက သုံးတဲ့အကောင့်ဖြစ်ပါတယ်။ ဒီအကောင့်နှစ်ခုစလုံးက အခုအခါ Facebook မှာ ရှာဖို့ မရတော့ပေမယ့်လည်း သူတို့ရဲ့ လှုပ်ရှားမှုတွေကို Screen Shot ရိုက်ထားတာတွေက ကျန်ရှိနေပါတယ်။

Ko Kyaw Gyi Account ဟာ မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ တောင်ဒဂုံ ယာယီဝတ်ပြုဆောင်တွေ ပိတ်တဲ့နေရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ မေလ ၁၅ ရက်နေ့ညပိုင်း ၁၀၆ ရပ်ကွက် ယာယီ ဝတ်ပြုဆောင် ပိတ်ပင်ပြီးလို့ ၆၄ ရပ်ကွက်ဆောင် ပိတ်ဖို့ ထပ်သွားမယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ တင်ထားခဲ့ပါတယ်။ သူတင်ထားတဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာတွေအပေါ်မှာ အတော်ကို ပျံ့နှံ့ခဲ့တာပါ။

မေလ ၁၅ ရက်နေ့ ညပိုင်းမှာ Ko Kyaw Gyi Account ကနေ “တောင်ဒဂုံ ၂၆ ဗလီတစ်လုံး၊ ၁၀၆ တစ်လုံး ရပ်ကွက်ဗလီ ရှင်းလင်းပြီး ချိတ်ပိတ်ပြီး။ နောက်ရပ်ကွက် နောက်တစ်လုံးကိုသွားနေသည်” ဆိုတဲ့ ဓာတ်ပုံနဲ့တကွ တင်ခဲ့တာလည်းဖြစ်ပါတယ်။

Nan Kyi Kyi Wai

Nan Kyi Kyi Wai အကောင့် လိပ်စာက https://www.facebook.com/profile.php?id=100036286547333 ပါ။ မေလ ၁၅ ရက်နေ့ တောင်ဒဂုံကိစ္စမှာ Live လွှင့်တာတွေ၊ တောင်ဒဂုံမှာ ရှိနေတယ်ဆိုတာတွေကို တွင်တွင်ကျယ်ကျယ် ဖော်ပြခဲ့သလို ယာယီဝတ်ပြုဆောင် ၃ ခု ပိတ်ပင်နိုင်မှုအပေါ် အောင်ပွဲခံတဲ့ ပို့စ်တွေလည်း များစွာ တင်ခဲ့ပါတယ်။ မေလ ၁၅ ရက်နေ့နဲ့ မေလ ၁၆ ရက်နေ့ တင်ထားတဲ့ ပို့စ်တွေ များစွာ ဖျက်သိမ်းသွားပေမယ့်လည်း အခုအချိန်အထိတော့ Screen Shot များစွာ ကျန်ရှိနေဆဲဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts