Editorial political news

တောင်ဒဂုံမှာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်ဖို့ လှုံ့ဆော်တဲ့ အစွန်းရောက်အုပ်စုကို ပြတ်ပြတ်သားသား နှိမ်နင်း အရေးယူပါ

ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားတဲ့ အစ္စလမ်ဘာသာ ဥပုသ်ကာလ ယာယီဝတ်ပြုဆောင် ၃ ခုကို မိုက်ကယ်ကျော်မြင့်ဦးဆောင်တဲ့ အစွန်းရောက် လူအုပ်စုက မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ ညက အင်အားနဲ့ ခြိမ်းခြောက်ပြီး ပိတ်ပင်လိုက်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက မေလ ၆ ရက်နေ့က ဇွန်လ ၇ ရက်နေ့ အထိ တစ်လတာ ယာယီဝတ်ပြု ခွင့်ပြုထားတဲ့ အဲဒီ ဝတ်ပြုဆောင်တွေကို အစွန်းရောက် လူအုပ်စုက အင်အားသုံး ခြိမ်းခြောက် ပိတ်ပင်ခဲ့ရာမှာ အကြောင်းပြချက် ရေရေရာရာမရှိဘဲ အုပ်စုလိုက် အနိုင်ကျင့်ပြီး ပိတ်ပင်ခဲ့တာပါ။

ထူးခြားက အစွန်းရောက်အုပ်စုဟာ ရိုင်းစိုင်းကြမ်းတမ်းပြီး ဝတ်ပြုဆောင်တွေကို ဝတ်ပြုခွင့် မပိတ်ပင်ရင် ဖျက်ဆီးမယ်လို့ကို လူမြင်ကွင်းမှာ ရိုင်းစိုင်းစွာ ပြောဆိုခဲ့ပါတယ်။ အဲဒီလို အများပြည်သူရှေ့မှာ ရိုင်းစိုင်းစွာ ပြောဆို လှုံ့ဆော်နေကြတဲ့ အစွန်းရောက်အုပ်စုတွေကို ရဲတပ်ဖွဲ့ ဝင်တွေက လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ငုတ်တုတ် ထိုင်ကြည့်နေခဲ့ကြပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ အများပြည်သူတွေရှေ့မှာပဲ ဝတ်ပြုဆောင်တွေကို ဖျက်ဆီးမယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး ဗီဒီယို သက်သေများစွာလည်း ရှိနေပါတယ်။

အစိုးရက ခွင့်ပြုထားတဲ့ ဝတ်ပြုဆောင်တွေကို အစွန်းရောက်အုပ်စုက ပိတ်ပင်ခြင်းဟာ အစိုးရရဲ့ အာဏာကို စိန်ခေါ်တာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းလည်းဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး့ ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

ပုဒ် ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာန နန္တရ ၊ အဆင့်အတန်း ယဉ်ကျေးမှု ၊ အမျိုးသား၊ အမျိုးသမီး ၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ဘာသာ သာသနာ ဆိုင်ရာ ပြစ်မှု များ ပုဒ်မ ၂၉၅ မှာ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ် ဝတ်ပြုသော နေရာကို ဖျက်ဆီခြင်း၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း ၊ ပုဒ်မ ၂၉၅ – က မှာ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာကို ဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်မှုကို ဖြစ်စေ၊ စော်ကားခြင်းဖြင့် ထိုလူတစား ၏ ကိုးကွယ်ရာ ဘာသာရေး ဓိတ်ဓာတ်ကို နာကြည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ ဖောက်ဖျက်တဲ့အခါ ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ငွေဒစ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တောင်ဒဂုံမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် အစိုးရရဲ့ အာဏာစက်ကို ကျော်လွန် ဆောင်ရွက်မှုတွေအတွက် အစွန်းရောက် အုပ်စုကို အရေးယူဖို့ လိုပါတယ်။ သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် ဘာသာ၊ သာသနာ ဆိုင်ရာ ပြစ်မှုများ ဥပဒေ တွေကိုလည်း ချိုးဖောက်ကြောင်း အထင်အရှား တွေ့ရပါတယ်။

တကယ်လို့ အစွန်းရောက် အုပ်စုကို အခုအချိန်ကတည်းက ထိထိရောက်ရောက် အရေးမယူရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မယ့် အလားအလာတွေ မြင်နေရကြောင်း ရန်ကုန်ခေတ်သစ်က သတိပေးလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com