All News Local News Peace

တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းမေးမြန်းခံရပြီး အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရသူ ဦးကျော်လှိုင် နှိပ်စက်ဒဏ်ရာများဖြင့် ကွယ်လွန်ဟုဆို

By ကျော်လှမြင့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ဦးကျော်လှိုင်သည် ကျောက်တော်ဆေးရုံတွင် နှိပ်စက်ဒဏ်ရာများဖြင့် ယမန်နေ့က ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုထံမှ သိရှိရသည်။

မေလ ၂၁ ရက်နေ့ နှင့် မေလ ၂၂ ရက်နေ့များ တွင် ဦးကျော်လှိုင်၊ ဦးမဲမောင်နှင့် ဦးပြည်သိမ်းမောင်တို့သည် ပျောက်ဆုံးသွားကြောင်း၊ ဦးကျော်လှိုင်သည် ဝါးခုတ်ရန်သွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မိသားစုနှင့်ကျေးရွာ တာဝန်ရှိသူများက စုံစမ်းခဲ့ကြောင်း၊ မေလ ၂၅ ရက်နေ့တွင် ဦးကျော်လှိုင်ကို စစ်တပ်က ကျောက်တော်ဆေးရုံ ပို့ထားသည်ဟု သိရှိရကြောင်း၊ ကျန် ၂ ဦးမှာလည်း ကျောက်တော်ရဲစခန်းတွင် ရှိနေသည်ဟု သိရှိရကြောင်း၊ ၃ ဦးစလုံးကို အကြမ်းဖက်ဥပဒေ ပုဒ်မများနှင့် ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာတွင်နေထိုင်သူ အသက် ၄၃ နှစ်အရွယ်ရှိ ဦးကျော်လှိုင် ၊ အသက် ၅၄ နှစ်အရွယ်ရှိ ဦးမောင်မဲ၊ အသက် ၄၆ နှစ်အရွယ်ရှိ ဦးပြည်သိမ်းမောင် တို့ကို ကျောက်တော်တပ်မ စကခ(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က မေလ ၂၅ ရက်နေ့ တွင် လာအပ်ခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)/၅၂(က)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိထားသော ဦးကျော်လှိုင်ကို ကျောက်တော်ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာအဖြစ်တင်ပို့ခဲ့ပြီး တစ်ရက်အကြာ မေလ ၂၆ ရက်နေ့ ညနေ ၃ နာရီတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဦးကျော်လှိုင်၏ သမီးဖြစ်သူ မသန်းသန်းဦးက”သေဆုံးသွားတာမှန်ကန်ပါတယ်။ အခုနာရေးကား
နဲ့ ရွာကို ယူလာပါပြီ။ ကျမအဖေက မေလ ၂၁ ရက်နေ့ အင်္ဂါနေ့ နံနက်ပိုင်းက တောကို ဝါးခုတ်ရန်သွားခဲ့တာပါ။ အဲဒီနေ့မှာ အိမ်ကိုမရောက်ဘဲ ပျောက်သွားပါတယ်။ မေလ ၂၄ ရက်နေ့ကျတော့ စစ်တပ်ကဖမ်းသွားတယ်လို့ သတင်းတစ်ခုကြားပါတယ်။ နောက်တစ်ရက်မှာတော့ ကျောက်တော်တပ်
မက ဆေးရုံကိုပို့ထားတယ်လို့ ပြောသံကြားလို့ သွားကြည့်တဲ့အခါ မျက်နှာခြေလက်ကိုယ်တွေမှာ ဒဏ်ရာတွေနှင့် သတိမရဘဲ ကျမအဖေကို ဆေးရုံမှာ တွေ့ရှိရပါတယ်။ သေဆုံးတာက သတ်ပုတ် ထိုးကြိတ် ထုထောင်းတဲ့ ဒဏ်ရာတွေနှင့် သေဆုံးတာမှန်ကန်ပါတယ်။ ကျမအဖေက AA အဖွဲ့ကလည်းမဟုတ်ဘူး။ AA အဖွဲ့ဝင်လည်းမဟုတ်ဘူး။ ဆက်နွယ်မှုလည်း မရှိပါဘူး”ဟု ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts