တပ်မတော်က ပုဒ်မ ၆၆ ဃ ဖြင့် Channel Mandalay TV သတင်းထောက်ကို အမှုဖွင့်ပြန်၊ အာမခံ မယူဘဲ အဖမ်းခံ ရင်ဆိုင်မည်ဟုဆို

ရန်ကုန်၊ မေ ၂၈
တပ်မတော် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် Channel Mandalay TV သတင်းဌာနမှ သတင်းထောက် ဦးဝင်းနိုင်ဦးကို အမှုဖွင့်လိုက်ပြီး သတင်းထောက် ဦးဝင်းနိုင်ဦးက အာမခံမယူဘဲ အဖမ်းခံ၍ အမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
မန္တလေးအခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည့် Channel Mandalay TV သတင်းဌာနက မေလ ၁၉ ရက်နေ့တွင် တင်ဆက်ခဲ့သည့် နွားမွေးမြူရေး စီမံကိန်း အကြောင်းပြုကာ တောင်သူပိုင်မြေများအား သိမ်းဆည်းနေမှုကို ဆန္ဒထုတ်ဖော်တော့မည် ဟု ခေါင်းစဉ်တပ်ထားသည့် ဗွီဒီယိုသတင်းနှင့် စပ်လျဉ်းပြီး သတင်းထောက် ဦးဝင်းနိုင်ဦး အပါအဝင် တောင်သူ ၇ ဦးတို့အား ပုဒ်မ ၆၆ ( ဃ) ဖြင့် တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ပြင်စာရဲစခန်းတွင် မေလ ၂၇ ရက်နေ့က အမှတ် ၁၂၁ ထောက်ပံ့ရေး နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဗိုလ်ကြီး ရဲကိုကိုဦး တရားလိုပြုလုပ်ပြီး အမှုဖွင့် တိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ ၁၉ ရက်နေ့ တောင်သူလယ်သမားသမဂ္ဂ ရုံးမှာ သတင်းရှင်းလင်းပွဲ လုပ်တယ်။ အဲဒါကို ကျနော်က သတင်းယူတယ်။ အဓိက သူတို့ ပြောတာပဲ ဇောင်းပေးထားတာ။ ကျနော် ပြောထားတာတွေထဲ တပ်မတော်ကို ထိခိုက်တာ ၊ နစ်နာတာတွေ တစ်ခုမှ မပါဘူး။ အဲဒါကို ရဲစခန်းက သိရတာတော့ တပ်မတော်ကို ဂုဏ်သိက္ခာ ညှိနွမ်းအောင် လုပ်တယ်။ ပြီးတော့ Faceboobk ပေါ် အွန်လိုင်းပေါ် တင်တာဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ ( ဃ ) နဲ့ အမှုဖွင့်ထားတာ။ အခု ကျနော်က စခန်းအပြင်မှာ ရောက်နေပြီ ။ ဒီနေ့ အမှုစစ်မှာ ။ အဲဒီတော့ ဒီဥစ္စာက ကျနော် ဘာမှ မှားယွင်းနေတာ မရှိဘူး။ ဘာမှ ကျုးလွန်ထားတာ မရှိဘူး။ ကျနော်က တပ်မတော်ကို ပုတ်ခတ်တာ ၊ စော်ကားတာ ၊ ထိပါးတာ ဘာမှ မရှိဘူး။ အဲဒီအတွက်ကြောင့် ကျနော်ကို တရားစွဲတာက လုံးဝ လွဲမှားနေတယ်။ အဲ့တာကြောင့် ကျနော်က အာမခံမယူဘူး။ တစ်ခါတည်း အမှန်တရားဘက်ကနေ ရပ်တည် သွားမှာပါ” ဟု သတင်းထောက် ဦးဝင်းနိုင်ဦးက ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့်ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း နှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ကျပ် ၃ သိန်း ထက် မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
“ သတင်းထောက်မို့ သတင်းရှင်းလင်းပွဲကို သတင်းရိုက်ပြီး တင်ဆက်တယ်။ သတင်းထုတ်လွှင့်တယ်။ သတင်းတင်တာကလည်း ကျနော် Facebook ကနေ တင်တာ မဟုတ်ဘူး။ ကျနော်တို့ Registration လုပ်ထားတဲ့ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ Channel Mandalay TV ကနေ သတင်းတင်တာ။ အဲ့တော့ ကျနော်ဘက်က ဘာမှ မှားယွင်းတာမရှိဘူး။ အာမခံယူစရာလည်း မရှိဘူး။ အမှန်တရားအတွက် ထောင်ထဲကနေ ရင်ဆိုင်သွားမှာ။ ဒါသတင်းမီဒီယာကို ဖိနှိပ်တာပဲ။ သတင်းထောက်တွေကို ဒါဟာခြိမ်းခြောက်ချင်တဲ့ သဘောနဲ့ ကျနော်ကို စံပြဆိုပြီး လုပ်လိုက်တာပဲ “ ဟု သတင်းထောက် ဝင်းနိုင်ဦး ကပြောသည်။
အလားတူ Channel Mandalay TV သတင်းဌာနမှ သတင်းထောက် ကိုနန္ဒသည် အောင်သပြေ ကျေးရွာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းနေမှုကို သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ