Local News political news

တပ်မတော်၏ တရားစွဲဆိုမှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှု စတင်မည်

ရန်ကုန်၊ မေ ၁၂

တပ်မတော်က သတင်းမီဒီယာများ၊ နိုင်ငံသားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သံဃာတော်များကို တရားစွဲဆိုမှုများကို ဆန့်ကျင်သော လှုပ်ရှားမှု တစ်ရပ် မကြာမီ စတင်တော့မည်ဖြစ်ကြောင်း အသံအဖွဲ့၏ ဒါရိုက်တာ မောင်ဆောင်းခက ပြောကြားသည်။

တပ်မတော်၏ တရားစွဲဆိုမှုများကို ဆန့်ကျင်သော လှုပ်ရှားမှုနှင့် တရားစွဲဆိုမှုများကို တပ်မတော်က ပြန်လည်ရုပ်သိမ်းရေး အတွက် အထူးအစည်းအဝေး တစ်ရပ်ကို ရန်ကုန်မြို့တွင် မေလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်၏ တရားစွဲဆိုမှုများကို ဆန့်ကျင်သော လှုပ်ရှားမှု၏ ပထမအဆင့်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အိတ်ဖွင့်ပေးစာ တစ်စောင်ကို မေလ ၁၄ ရက်နေ့တွင် ပေးပို့မည်ဖြစ်ပြီး မေလ ၁၇ ရက်နေ့တွင် မြေပြင်လှုပ်ရှားမှု စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

“လာမယ့် အင်္ဂါနေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို အိတ်ဖွင့်ပေးစာပေးပို့ပါ့မယ်။ ၁၇ ရက်နေ့မှာတော့ လှုပ်ရှားမှု ကမ်းပိန်းတွေ စတင်မှာပါ” ဟု မောင်ဆောင်းခက ဆိုသည်။

တပ်မတော်၏ တရားစွဲဆိုမှုများကို ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရှိရသည်။

တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ၊ ဇွဲအငြိမ့်၊ အလင်္ကာကြယ် ဆရာတော်၊ ဧရာဝတီ၊ RFA ၊ DMG သတင်းဌာနများကို ပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အပါအဝင် ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အမှုဖွင့် တရားစွဲဆိုခဲ့သော ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးတစ်ဦး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com