All News interview

“စစ်သားဟာ ကိုးကွယ်ရာ ဆိုတဲ့အရာ အခုလည်း မရောက်ဘူး၊ နောင်လည်း မရောက်ဘူး။ ဘယ်သောအခါမှ မရောက်ဘူး ၊ ဦးဝီရသူ တစ်ပါးတည်း ရောက်ချင်ရင်တော့ ရောက်သွားမှာပေါ့”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော်အရှင်ဘဒ္ဒန္တစိန္တိတ နှင့် ဆက်သွယ်မေးမြန်းချက်

စစ်သားတွေကို ဘုရားလိုတောင် ကိုးကွယ်ရမယ်ဆိုသော ဆရာတော် ဦးဝီရသူ၏ ပြောစကားနှင့်ပတ်သက်ပြီး အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးစိန္တိတကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဦးဝီရသူက စစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ပြောသွားတဲ့ အပေါ်ဘယ်လို မှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ ဒီအကြောင်းကို ဘုန်းဘုန်းလည်း Facebook တစ်ခုကနေ ဖတ်ရပါတယ်။ Facebook တစ်ခု ကနေ အကြောင်းအရာတွေ ကြည့်လိုက်တော့ ဆရာတော် ဦးဝီရသူအနေနဲ့ သတိများ မေ့နေတာလား ၊ မဟုတ်ရင် ကျန်းမာရေး မကောင်းပါသလား ဒီလိုတွေးမိပါတယ်။ ဘာဖြစ်လဲဆိုတော့ စစ်သားကို နိုင်ငံသား အားလုံးက လက်ခံကြတယ်။ စစ်သား မုန်းတီးခြင်း မရှိဘူး။ နိုင်ငံသားတွေဆိုတာ ဘယ်တိုင်းပြည်မဆို စစ်တပ်ဆိုတာ ရှိကို ရှိရမယ်ဆိုတာ မူအားဖြင့် လက်ခံထားပြီးသား ဖြစ်ပါတယ်။

အဲဒီတော့ စစ်သားက ကိုးကွယ်ရမယ်ဆိုတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ အားကိုးရမယ် ဆိုတဲ့ အနေအထားကိုတော့ နိုင်ငံသားတို့အားလုံးက လက်ခံရမှာ။ စစ်သားကိုပဲ ပြောတာနော် ။ တချို့က စစ်သားဖြစ်ပြီး စစ်သားအလုပ် မလုပ်ရင်လည်းတကယ်တမ်းတော့ ဟန်ကတော့ မပြဘူးလေ။ ဒါကတော့ ဘုန်းဘုန်းတို့က စစ်သားကို ပြောတာ ။ စစ်သားကို ဘုရားလို ကိုးကွယ်ရမယ်ဆိုတာ ဆရာတော် ဦးဝီရသူက နည်းနည်းတော့ မဟုတ်ဘူး။ တော်တော်ကြီးကို လွန်သွားတယ်။ ဒါက သူပြောရင်းဆိုရင်း စိတ်ထဲမှာ Mood ပါသွားလို့လား ဘုန်းဘုန်း မပြောတတ်ဘူး။

သိပ်တော့ ဒါက လွန်လွန်ကဲကဲ ဖြစ်သွားတဲ့အတွက် ဆရာတော် ဦးဝီရသူပေါ့ ။ အင်မတန် လွန်လွန်းတဲ့ စကားပြောတယ်ပေါ့။ စကားပြောရင် သတိလေးတွေ ရှိစေချင်ပါတယ်။ ဘုန်းဘုန်းတို့က ဆရာတော် ဦးဝီရသူကို အကြံချင်ပေးတာပါ။ ဘုန်းဘုန်းက ကဲ့ရဲတာလည်း မဟုတ် ၊ ရှုတ်ချတာလည်း မဟုတ်ဘူး။

မေး။ ။ စစ်သားကို ဘုရားလိုတောင် ကိုးကွယ်ရမယ်ဆိုတဲ့ စကားက ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားနိုင်လဲ။

ဖြေ။ ။ လွန်လွန်းအားကြီးပါတယ်။ စစ်သားဟာ စစ်သားတစ်ယောက်အနေနဲ့ တိုင်းပြည်တစ်ခုမှာ လုံခြုံဖို့ ၊ ကာကွယ်ဖို့ အားကိုးအားထားရ အနေနဲ့ ရှိသင့်တယ်။ ထားသင့်တယ်ဆိုတာ ပြောရမယ်ဆိုရင် လက်ခံပါတယ်။ ကိုးကွယ်တဲ့ အထဲမှာ သူက မပါတာ။ ကိုးကွယ်တဲ့အထဲမှာ စစ်သားမှ မပါတာ ၊ စစ်တပ်မှ မပါတာ ၊ သူစကားက လွန်ထားတယ်။ ကျွံထားတယ် လို့ ပြောပါရစေ ။

မေး။ ။ ဒီလို စစ်သားတွေကို ဘုရားလိုတောင် ကိုးကွယ်ရမယ်လို့ ပြောဆိုမှုဟာ သံဃာဝိနည်း ၂၂၇ ပါးနဲ့ ငြိပါလား။

ဖြေ။ ။ အဲဒါကတော့ ဘုန်းဘုန်းတို့ မငြိနိုင်ပါဘူး ။ စကားပြောတဲ့အခါ လွန်ကျူးတဲ့ စကားအသုံးအနှုန်း လောက်ပဲ ပြောလိုရပါတယ်။ ဝိနည်းတော် နဲ့ သွားပြီး ငြိတာ မရှိပါဘူး။ သို့ပေမဲ့ အာပတ်အပိုင်းမှောတာ့ ငြိသွားနိုင်စရာ ရှိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ တချို့စကားတွေဟာ ရုန်းရင်းကြမ်းတမ်းတဲ့ အနေအထားဘက်ကို ရောက်သွားတမျိုးတွေ တွေ့ရတယ်လေ ။

ဒါကြောင့်မို့ ဝိနည်းတော်နဲ့ ကြည့်မယ်ဆိုရင် အာပတ်အနေနဲ့တော့ သင့်သွားနိုင်စရာ ရှိမယ်လို့ ဒီလိုပြောရမှာပဲ။ ဒီကိစ္စကို ဖြေရရင် အထောက်အထားတွေက အများကြီးပဲ။ သို့ပေမဲ့ ဝိနည်းနဲ့ ငြိသည်ဖြစ်စေ ၊ မငြိသည်ဖြစ်စေ ၊ လူကြည်ညိုမှု ၊ အရှင် ကြည်ညိုမှု မဖြစ်စေတဲ့ အသုံးအနှုန်း ၊ အမူအရာတွေကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ မလုပ်သင့်ဘူး ၊ မပြောသင့်ဘူးလို ဒါလေးတော့ ပြောချင်တယ်။

မေး။ ။ အဲဒီစကားအတွက် ဘာသာ သာသနာ တစ်ခုလုံး ထိခိုက်တယ်ဆိုရင် သာသနာမှာရှိနေတဲ့ အရှင်ဘုရားတို့အနေနဲ့ ဘယ်လို တုံ့ပြန် ဆောင်ရွက်မလဲ။

ဖြေ။ ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုနေရာမျိုးမှာ သံဃာတော်တွေရဲ့အ ပိုင်းက အခုခေတ်အခါမှာ သွားဖို့ လာဖို့ ပြောဖို့ ဟောဖို့ မသင့်တော့ ဘူးလို့ ဘုန်းဘုန်းက ပြောချင်ပါတယ်။ တကယ်တမ်း နိုင်ငံရေးလုပ်ချင်ရင် လူထွက်ကြရုံပဲ ။ တရားဝင် နိုင်ငံရေးပါတီ လည်း ထောင်ခွင့် ရှိနေတာပဲ။ အဲ့ဒီမှာ လူထွက်ပြီး ပါတီ ထောင်ကြပေါ့။ ပါတီ ထောင်ပြီး ကိုယ်ဘာသာ လွှတ်တော်ထဲရောက်အောင် သွားချင်လည်း သွားပေါ့။ အဲ့ဒီကနေ နိုင်ငံတော်သမ္မတ ဖြစ်ချင်လည်း လုပ်ကြပေါ့။

နိုင်ငံရေးအခြေအနေအပေါ် မူတည်ပြီး ၊ မြန်မာနိုင်ငံမှာ အစိုးရ နှစ်ခု ဖြစ်နေတဲ့အခါမှ ၊ NLD အစိုးရကိုလည်း သွားထောက်ခံစရာ မလိုသလို ၊ စစ်တပ်ကိုလည်း ကျားကန်စရာ မလိုပါဘူး။ ဘုန်းတော်ကြီး တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ အလယ်ခေါင်ကနေ မားမားမတ်မတ် ငြိမ်းချမ်းတဲ့ အပြောအဆို ၊ ငြိမ်းချမ်းတဲ့ ဆောင်ရွက်ချက်ကိုတွေသာ လုပ်ကိုင်သွားမယ် ၊ ပြောဆိုသွားမယ်ဆိုရင် လူသာဓု ခေါ် ၊ နတ်သာဓု ခေါ် ၊ လူ ကြည်ညှိ ၊ နတ်ကြည်ညို ဖြစ်မှာပါ။ ရှင် ကြည်ညို ဖြစ်မှာပါ။

ဒီအပိုင်းတွေက သံဃ မဟာ နာယကအပိုင်းတွေလည်း ဒီဟာလေး တွေကို ကြပ်ကြပ်မတ်မတ် လေး မိမိရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတဲ့ သံဃာတော်များဟာ ဒီလိုမျိုး နိုင်ငံတော်အတွင်းမှာ ရှိနေတဲ့ အဖွဲ့တွေမှာ တစ်ဖွဲ့ဖွဲ့ ဘက့်ပါပြီးတော့ ၊ တစ်ဖွဲ့ဖွဲ့ကို အတင်းပြောတယ်ဆိုတာပေါ့ ၊ ဒါမဟုတ် အပြစ်ပြောနေတဲ့ လုပ်ငန်းမျိုးကိုတော့ သံဃာတော်များအနေနဲ့ ပါဝင်ပြီး ပြောဖို့ဆိုဖို့ လုပ်ဖို့ မသင့်တော့ဘူးလို ဘုန်းဘုန်းက ပြောချင်ပါတယ်။

မေး။ ။ စစ်သားကို ဘုရားလို ကိုးကွယ်မယ်ဆိုရင် တိုင်းပြည်မှာ ဘာတွေ ဖြစ်နိုင်မလဲ။

ဖြေ။ ။ စစ်သားက စစ်သား ၊ ဘုရားလို ကိုးကွယ်ရမယ် သူပြောသလိုက မဖြစ်နိုင်တာလေ။ ကိုးကွယ်တဲ့အရာဆိုတာ ရတနာ ( ၃ )ပါး ၊ ဒါမှမဟုတ် တခြားဘာသာတွေနဲ့ဆိုရင် အလာမ် ၊ ထာဝရဘုရားသခင် ၊ မဟာ ဗြဟ္မ ၊ ဒါတွေသာလျှင် ကိုးကွယ်အားထားရာဖြစ်တဲ့အတွက်ကြောင့် စစ်သားဟာ ကိုးကွယ်ရာ ဆိုတဲ့အရာ အခုလည်း မရောက်ဘူး၊ နောက်လည် မရောက်ဘူး ။ ဘယ်တော့အခါမှ မရောက်ဘူး ၊ ဦးဝီရသူ တစ်ပါးတည်း ရောက်ချင်ရင်တော့ ရောက်သွားမှာပေါ့။

မေး။ ။ နောက်ဆုံး ဖြည့်စွက် ဘာပြောချင်ပါလဲ။

ဖြေ။ ဒီပြောဆိုမှုမျိုး တွေ သာသနာတော်ကို ချစ်မြတ်နိုးရင် ၊ သာသနာကို ကြည်ညိုရင် ၊ သာသနာအတွက် ၊ ဆရာတော် ဦးဝီရသူ တစ်ချိန်တုန်းက သံဃာတော်ထဲကနေ လွဲမှားတဲ့ အကျင့်တွေ ၊ ၊ လွဲမှားတဲ့ ဟောပြောမှုတွေကို ဆောင်ရွက်တဲ့အခါ သူကိုယ်တိုင်ပဲ စာအုပ်စာတန်းတွေ ရေးပြီးတော့ တိုက်ခဲ့ ၊ ခိုက်ခဲ့ လမ်းမှားမရောက်အောင် ပြုပြင်ခဲ့ တဲ့ ပိဋိတ်တောတွေ ၊ အကိုးအကားတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ ဆရာတော်တစ်ပါးအနေနဲ့ ဒီလိုလွဲမှားတဲ့အနေအထား ၊ သံဃာတော်သိက္ခာကျမယ့် အနေအထား မဖြစ်ရအောင် မပြောမိ ၊ မဆိုမိပါစေနဲ့ ၊ မလုပ်မိပါစေနဲ့ ၊

ဘုန်းဘုန်းတို့အနေနဲ့ ဆရာတော် ဦးဝီရသူ ကို မုန်းလည်း မမုန်းပါဘူး ၊ သာသနာတော်မှ ဆက်လက်တည်ရှိနေပြီးတော့ သာသနာပြုလုပ်ငန်းတွေကို ရှေးယခင်က ထက် ဆောင်ရွက်နေတာ မြင်ချင်ပါတယ် ။ အခု နိုင်ငံရေးအကွဲအပြဲလို ပြောကြမယ်ပေါ့ သူတို့ပြောတဲ့ စကားကြည့်တော့အားဖြင့် တပ်မတော် အစိုးရ ၊ တပ်မတော်ဆိုတဲ့ နေရာကြီးကို ကျားကန် ၊ တောင်ခံပြီး လုပ်နေတဲ့ ကိစ္စတစ်ခုဟာ ဖြင့် ဗုဒ္ဓသာသနာ အတွက် ၊ ဘုရားသားတော် ရဟန်းတော်များအနေဖြင့် လုပ်သင့်လုပ်ထိုက်တဲ့အနေအထားမျိုး မဟုတ်ပါဘူး။

ဒီနေ့ဒီမိုကရေစီ သွားနေတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ လူးနေတဲ့ အချိန်မျိုးမှာ တပ်မတော်သားတွေနဲ့ ပြည်သူတွေကော ၊ နိုင်ငံအာဏာကို ပြည်သူကနေ တစ်ခဲနက် ထောက်ခံပေးလိုက်လို ရရှိတဲ့ အုပ်ချုပ်နေတဲ့ အစိုးရကော ၊ တက်ညီလက်ညီနဲ့ ဒီမိုကရေစီပန်းတိုင်ကို အားလုံး ပါလာအောင် ဟောပြောဆိုဆုံးမသွားရင်တော့ လူသာဓု ခေါ် ၊ နတ်သာဓု ခေါ် ဖြစ်သွားမယ်လို ဘုန်းဘုန်းက မြင်တဲ့အတွက် ဆရာတော်ဦးဝီရသူအနေနဲ့ နောက် ဘက်မလိုက်တဲ့ အဟောအပြော ၊ အဆို ၊ ဆုံးမစကားတွေ ပြောပြလို ဒီကနေ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com