Local News political news

စစ်တပ်၏ တရားစွဲဆိုမှုများကို ကန့်ကွက်ပြီး ရုပ်သိမ်းပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ အရပ်ဘက်အဖွဲ့အစည်းများ အိတ်ဖွင့်ပေးစာပို့

ရန်ကုန်၊ မေ ၁၄

တပ်မတော်က တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများ အပါအဝင် နိုင်ငံသားများကို တရားစွဲဆိုမှုများကို အရပ်ဘက်အဖွဲ့အစည်း ၃၀ က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး စွဲဆိုထားသော အမှုများကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးရန် အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်သည်။

ယနေ့ မေလ ၁၄ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော အိတ်ဖွင့်ပေးစာတွင် တပ်မတော်က ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ ဧရာဝတီသတင်းဌာန၊ ဆရာတော် ဦးသောဘိတ( အလင်္ကာကြယ်)၊ RFA ၊ ရခိုင် DMG သတင်းဌာန၊ ဇွဲအငြိမ့်အဖွဲ့၊ မြိတ်မြို့မှ မြေသိမ်းခံ တောင်သူ ကိုမျိုးသူနိုင်တို့ကို တရားစွဲဆိုထားကြောင်း၊ ယင်းသို့ တရားစွဲဆိုမှုများသည် နိုင်ငံတော်၏ ဒီမိုကရေစီ အကူးအပြောင်းအလဲကာလတွင် ပြည်သူလူထု၏ တုန့်ပြန်မှုများ၊ အကြံပြုချက်များနှင့် ဝေဖန်မှုများကို ပိတ်ဆို့သကဲ့သို့ ဖြစ်နေပြီး အသွင်ကူးပြောင်းမှုကာလကို များစွာ နှောင့်နှေးစေမည်ဖြစ်ကြောင်း စာတွင် ရေးသားထားသည်။

တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်လုံခြုံရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့တွင် အဓိက တာဝန်ယူနေပြီး နိုင်ငံရေးတွင်ပါ ပါဝင် ဦးဆောင်နေသဖြင့် ဝေဖန်ပြစ်တင်မှုများ မဖြစ် မနေ ရှိနိုင်ပြီး ယင်းတို့ကို တရားစွဲဆိုခြင်းမပြုဘဲ သဘောထားကြီးကြီး ထားပေးရန် လိုအပ်ကြောင်း၊ တရားစွဲဆိုမှုများသည် အဖြေမဟုတ်ဘဲ စွပ်စွဲ ပြောဆိုမှုများ မှန်ကန်နေသည်ဟု သွယ်ဝိုက်ထောက်ခံရာ သာရောက်စေကြောင်း ဖော်ပြထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရရှိခွင့်သည် ပြည်သူများအတွက်သာမက တပ်မတော်နှင့် အစိုးရအတွက်လည်း အရေးကြီးကြောင်း၊ တပ်မတော်၏ တရားစွဲဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်ရငတ်ချပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံပေးသည့်အနေဖြင့် တရားစွဲဆိုမှုများအားလုံးကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

မေလ ၁၇ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်၍ တပ်မတော်၏ တရားစွဲဆိုမှုများကို ကန့်ကွ့်သော လှုပ်ရှားမှု Blue Shirt Campaign ကို စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts