Local News Peace political news

ငြိမ်းချမ်းရေး လမ်းစဉ် တိမ်းစောင်းနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်တချို့ သုံးသပ်ဟု KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူးတူးစေးဖို့ ပြော

ရန်ကုန်၊ မေ ၁၅

လက်ရှိ ငြိမ်းချမ်းရေး လမ်းစဉ်သည် တိမ်းစောင်းနေပြီဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က သုံးသပ်နေကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံ၏ အလှည့်ကျသဘာပတိဖြစ်သော ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက မေလ ၁၅ ရက်နေ့ ညီလာခံ အဖွင့်အမှာစကားတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အားလုံးတစ်သားတည်းကျတဲ့အမြင်နဲ့သုံးသပ်ချက်မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လမ်းကြောင်း တိမ်းစောင်းနေပြီလို့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း အချို့က သုံးသပ်ထားပါတယ်။ ဒါကြောင့် အားလုံးလက်တွဲညီညီနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်တဲ့အပေါ်မှာ ကျနော်တို့တွေဟာ တစ်ဆို့မှုတွေကိုရှင်းလင်းဖယ်ရှားနိုင်ဖို့၊ စိန်ခေါ်မှု တွေ ကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ နည်းလမ်းရှာကြရမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ ဘုံနားလည်မှုနဲ့ရပ်တည်ချက် ဖြစ်တယ်လို့ကျနော်တို့ နားလည်ထားပါတယ်” ဟု ဗိုလ်ချုပ်ကြီးမူတူးစေဖိုးက ဆိုသည်။

တစ်ဆို့မှုများကို အဖြေရှာရာတွင် အဖွဲ့အစည်းတစ်ခု၊ နှစ်ခုအတွက် အဖြေရှာခြင်းဟု မမြင်စေလိုကြောင်း ၎င်းက ဆိုသည်။

“နည်းလမ်းရှာတာဟာ အဖွဲ့အစည်းတစ်ခု၊နှစ်ခုအတွက်ပဲထွက်ပေါက်ရှာတာလို့မမြင်ကြဖို့ လိုပါတယ်။ တစ်ဆို့မှုအချို့ဟာ အဖွဲ့အချို့အတွက် ပမာဏအရ ပိုကြီးပြီး အချို့အဖွဲ့တွေအတွက် သိပ်ပြီး မပြောပလောက်တဲ့တစ်ဆို့မှုမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကလည်းကျနော်တို့အဖွဲ့ အစည်းတွေရဲ့ တစ်ဖွဲ့ချင်း ပကတိ အနေအထားတွေအပေါ်မှာ အများကြီးမူတည်နေတာ ဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိဆက်လေ ျှာက်လှမ်းနိုင်ဖို့၊ ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ဆိုရင် ကျနော်တို့အားလုံး စုစည်းဖို့လိုပါတယ်။ ကျနော်တို့ စုစည်းတဲ့နေရာမှာလည်း စုစည်းမှုဟာ မဟာဗျူဟာကျကျ စုစည်းမှုဖြစ်ပါရမယ်။ ဒါမှ ကျနော်တို့အတွက် အမှန်တကယ်အထောက် အကူဖြစ်စေမယ့် စုစည်းမှုဖြစ်လာမှာ ဖြစ်သလို ကျနော်တို့ကြားမှာလည်း စည်းနှောင်အားရှိပြီး ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ တိကျသေချာတဲ့ အထောက်အကူပေးတဲ့ ပုံစံမျိုးကို လည်း ရှာကြံရွေးချယ်ဖို့ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဆိုသည်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကမူ တပ်မတော်ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းဝေးနေသည်ဟု ပြောဆိုထားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း PPST ညီလာခံကို မေလ ၁၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့ အထိကျင်းပလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts