interview political news

“ခင်ဗျားအမေကိုလည်းဆဲမယ် ၊ ခင်ဗျားအဖေကိုလည်းဆဲမယ် ၊ ခင်ဗျားမျိုးရိုးကိုလည်းဆဲမယ် ၊ ဆဲပြီးရင်ခင်ဗျားကို ငွေ (၃)သိန်းလျှော်ပေးမယ်ဆိုခင်ဗျားခံမလား”

ရန်ကုန်၊ မေ ၁

တပ်မတော်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဧပြီလ ၃၀ ရက်နေ့က သတင်းမီဒီယာများက တေ့ွဆုံမေးမြန်းထားပါသည်။

မေး ။ ။ဧရာဝတီနဲ့ RFA သတင်းဌာနတွေကိုတရားစွဲထားတာ ပြန်ရုပ်သိမ်းဖို့ရှိလားဗျ။

ဖြေ ။ ။ ဧရာဝတီနဲ့ RFA ကိုတရားစွဲထားတဲ့ဟာကတော့ ဒါကတော့ ကျနော်တို့က စပြီးတော့ တရားစွဲထားတဲ့အတိုင်း ဒီ ၆၆ဃ နဲ့စွဲထားတယ် ၊ ပုဒ်မ ၅၀၀ က။ ဒါကတော့ စစွဲကထဲက ဒီအမှုတွေသည် ပုဒ်မ ၅၀၀ က အမှုသည်ရဲအရေးပိုင်တဲ့အမှုမဟုတ်ဘူး ၊ တရားရုံးကိုဦးတိုက်လျှောက်ရတာ ၊ ဒီဟာသည်အမှုခိုင်လုံတယ် ဖွင့်ပေးသင့်တယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ တရားသူကြီးကဖွင့်ပေးထားတာဖြစ်တယ်။ ဒီဟာတော့ ကျနော်တို့က ဥပဒေအတိုင်းတော့ဆက်လုပ်သွားဖို့ရှိပါတယ်။

မေး ။ ။ MPC ကကြားဝင်ဆောင်ရွက်ပေးမယ့်ကိစ္စကိုရော လက်ခံလားဆရာ။

ဖြေ ။ ။ MPC နဲ့လည်း တို့ ဆွေးနွေးဖြစ်ပါတယ် ၊ MPC ဘက်ကတော့ အကြီးအကဲတွေဆီကို စာပို့ထားတယ်လို့သိရပါတယ်။ ဆုံးဖြတ်ချက်ကတော့ တပ်မတော်သည် အဖွဲ့အစည်းနဲ့ဆုံဖြတ်တာဖြစ်တဲ့အတွက် အဖွဲ့အစည်းကဆုံးဖြတ်တဲ့အပေါ်မှာပဲမှုတည်ပါလိမ့်မယ်။

မေး ။ ။ နောက်ထပ်သတင်းဌာနကိုရောတရားစွဲဖို့ရှိသေးလား တပ်မတော်က။

ဖြေ ။ ။ ဒီအပြင်သတင်းဌာနတွေကိုတရားစွဲဖို့ဆိုတာက သိသလောက်မရှိပါဘူး။

မေး ။ ။ ဘယ်လိုအခြေနေမျိုးတွေကြောင့် ဒီလိုတရားစွဲဖို့ဆုံးဖြတ်ရတာလဲ ။

ဖြေ ။ ။ နံပါတ်တစ်ပြဿနာကတော့ ခုဧရာဝတီကမေးတာဆိုတော့ ဧရာဝတီကအကြောင်းကိုပဲ ကျွန်တော်ဥပမာပြောပါမယ် ၊ ဧရာဝတီသတင်းထောက်ရေးလိုက်တဲ့ဆောင်းပါ အားလုံးလည်းဖတ်ပြီးဖြစ်မှာပါ ၊ မြောက်ဦးမှတ်တမ်းဆိုတဲ့ဆောင်းပါး အားလုံးဖတ်ပြီးဖြစ်မှာပါ ၊ ဒီသတင်းထောက်ရေးလိုက်တဲ့ဆောင်းပါးထဲမှာ မြောက်ဦးမှတ်တမ်းနဲ့ပတ်သက်ပြီး သူရေးနေတာတွေကိုဖတ်ကြည့်လိုက်ပေါ့ ၊ အဲဒီရေးသားတဲ့အချိန်ကသတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ပြီးပြီ ၊ သက်သေအထောက်အထားနဲ့လည်း မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ဟာတွေကိုရှင်းလင်းခဲ့ပြီးပြီ ၊ သတင်းမီဒီယာတွေကို တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလဲ ပြောခဲ့ပြီးဖြစ်တယ်ပေါ့ ၊ အမြင်ကတေ့ဘက် ၂ ဖက်အမြင်ကိုရေးတာရပါတယ် ၊ ဘက် ၂ ဖက်အမြင်ကိုရေးလို့ရတယ်ပေါ့ ၊

ကျနော်တို့ဘက်ကမရှင်းလင်းခင် ၊ ဘာမှ ကျနော်တို့ဘက်က မပြောသေးခင်သတင်းမထုတ်ပြန်သေးခင်မှာရေးတယ်ဆိုရင်တော့ ကျနော်တို့ဆီကို သတင်းမေးတယ် ဒါပေမယ့် သတင်းမေးမရဘဲ ရေးတယ်ဆိုရင်တော့ အတိုင်းတာတခုအထိ ကျနော်တို့လက်ခံနိုင်တယ်လို့ပြောလို့ရပါတယ်။ သို့သော်နောက်ပိုင်းမှာရေးတဲ့ဆောင်းပါသည် သတင်းစာရှင်းလင်းပွဲလည်းပြုလုပ်ပြီးပြီ ၊ သတင်းလည်းထုတ်ပြန်ပြီးပြီ ၊ ကျနော်လည်း မေးသမျှလည်း ဖြေပြီးပြီ ၊ အဲဒီအထဲမှာ တစ်ဖက်သက်အမြင်နဲ့ ရေးထားတာဖြစ်တယ်။ တဖက်သက်အမြင်နဲ့ရေးထားတာဖြစ်တဲ့အတွက် သတင်းမီဒီယာသမားများရဲ့ထုတ်ဖော်ပြောဆိုချက်က သာမန်ပြည်သူထုတ်ဖော်ပြောဆိုချက်ထက် ပိုမိုထိရောက်ပါတယ် ၊ ဘာကြောင့်ပိုမိုထိရောက်သလဲဆိုတာ ရှင်းပြခဲ့ပြီးဖြစ်တယ် ၊ ပိုမိုထိရောက်တဲ့အတွက် ဒီရဲ့အကျိုးဆက်တွေကတော်တော်များပါတယ် ၊ အကျိုးဆက်တွေများတဲ့အတွက်ကြောင့်မို့လို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ် ၊ နစ်နာသူအနေနဲ့ဆေင်ရွက်ရခြင်းဖြစ်ပါတယ်။

မေး ။ ။ မင်းထင်ကိုကိုကြီးတို့ ၊ နေမျိုးဇင်တို့ ၊ဒေါင်းတို့မျိုးဆက်သစ်လူငယ်တွေကိုရော ဘာဖြစ်လို့ တပ်မတော်ကတရားစွဲထားရတာလဲ။

ဖြေ ။ ။ အဲ့ဒါကတော့ သူတို့ပြောတဲ့စကားတွေ သူတို့လုပ်တဲ့လုပ်ရပ်တွေကိုပြန်ကြည့်လိုက်ပါဗျ ၊ ပြန်ကြည့်လိုက်ရင် ဘာကြောင့်တရားစွဲတယ်ဆိုတာ သိပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကတော့ ကျွန်တော်တို့ အဖွဲ့စည်းတစ်ခုနဲ့တစ်ခုကတော့ တခါတလေမှာ အဌားခံစားကြည့်လိုက်ရင် ပိုပြီးသိသာပါတယ်။ အဌားခံစားကြည့်လိုက်ပေါ့ ။

မေး ။ ။RFA ကျတာ့ရောဘာလို့တရားစွဲတာလဲ။

ဖြေ ။ ။RFA ကလည်းဒီရခိုင်ကိစ္စပါပဲ။

မေး ။ ။ ဘာကြောင့်သတင်းမီဒီယာပုဒ်မတွေကို မသုံးစွဲဘဲ တခြားပုဒ်မတွေနဲ့တိုက်ရိုက်တရားစွဲတာလဲဗျ။

ဖြေ ။ ။ သတင်းမီဒီယာဥပဒေမှာပြဌာန်းထားတာသည် အများဆုံးက ငွေဒဏ် (၁၀)သိန်း ၊ ငွေ (၃)သိန်း ၊ ခင်ဗျားကို ကျနော်ကရိုက်ပြီးတော့ဗျာ ၊ ခင်ဗျားကိုကြိုက်သလိုဆဲပြီးတော့ဗျာ ငွေ (၃)သိန်းလျှော်ပေးမယ်ဆို ခင်ဗျားခံမလား ဒါပဲရှင်းရှင်းလေးပဲ။ ခင်ဗျားအမေကိုလည်းဆဲမယ် ၊ ခင်ဗျားအဖေကိုလည်းဆဲမယ် ၊ ခင်ဗျားမျိုးရိုးကိုလည်းဆဲမယ် ၊ ခင်ဗျားကိုလည်းဆဲမယ် ၊ ဆဲပြီးရင်ခင်ဗျားကို ငွေ (၃)သိန်းလျှော်ပေးမယ်ဆိုခင်ဗျားခံမလား။

ဘယ်လိုဖြစ်မလဲ ဒါပဲ ၊ ခံစားချက်နဲ့ intention ပေါ်မှာမူတည်တယ်။ ကျနော်တို့က ပြောတဲ့အတိုင်းရေးပါလို့ ကျနော်တို့ ပြောနေတာမဟုတ်ဘူး ၊ ကျနော်တို့ကိုဆန့်ကျင်ပြီးရေးတဲ့ဟာတွေအများကြီးရှိတယ် ၊ အများကြီးရှိပေမယ့် မျှမျှတတရေးထားတဲ့တွေ့ရတယ် သုံးသပ်ထားတာတွေ့ရတယ် ၊ ကျနော်တို့ ဒါတွေနဲ့ပတ်သက်ပြီး ဘာမှမပြောဘူး။ မီဒီယာတော်တော်များများဘယ်လိုရေးနေတယ်ဆိုတာလဲ ကျနော်တို့ မြင်နေတာပဲလေ။ ကျနော်တို့ သတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ ရှင်းသွားတယ်လို့ရေးတယ်။ တဖက်မှာ ကျန်တဲ့အဖွဲ့အစည်းတွေကိုပြန်မေးတယ် ၊ မေးပြီးတော့ကျမှ ကျန်တဲ့အဖွဲ့စည်းက မဟုတ်ပါဘူးဆိုတာကိုရေးတယ်။

ဒါပေမယ့် ကျနော်တို့ ဘာပြောခဲ့လဲ ကျနော်တို့ လက်ခံတာပဲ ဒါမျှတတဲ့ရေးသားချက်ပဲ။ ဒါဘက် ၂ ဘက်လုံးကို ရေးသားတာဖြစ်တယ် ၊ သို့သော်တချို့ဟာတွေသည် တဖက်သက်ဆန်တဲ့ရေးသားချက်တွေ အကျိုးသက်ရောက်မှုရှိနိုင်တဲ့ရေးသားချက်တွေမှာတော့ ကျနော်တို့က ထိုက်သင့်တဲ့အရေးယူမှုထိုက်သင့်တဲ့နစ်နာမှုအတွက်ပြန်လည်ဆောင်ရွက်မှုကိုတော့ ဆောင်ရွက်ရမှာပဲ။

မေး ။ ။နှစ်ဖက်ကြားမှာယုံကြည်မှုတည်ဆောက်ဖို့ကြတော့ဘယ်လိုအခြေနေမျိုးလိုအပ်နေလဲ။ဘာတွေအကြံပြုချင်လဲ။

ဖြေ ။ ။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကိစ္စကတော့ ခုနကျွန်တော်ပြောသွားသလိုပါပဲ အပြန်အလှန်နားလည်မှုပေါ့ လိုအပ်တယ်။ အခုလိုခင်ဗျားတို့နဲ့ကျွန်တော်တို့ အမြဲတမ်းထိတွေ့နေမှ အမြဲတမ်းထိတွေ့နေရင် အပြန်အလှန်နားလည်မှုဖြစ်လာနိုင်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်ရင်းရင်းနှီးနှီးပြောကြတယ် တစ်ယောက်ပေါ်တစ်ယောက်နားလည်မှုရှိလာမယ် ၊ တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးပြောကြရင်းနဲ့ ခင်ဗျားတို့ရဲ့ဘဝ ကျွန်တော်တို့ရဲ့ဘဝ ၊ ကျွန်တော်တို့ဆောင်ရွက်နေရတဲ့ဘဝ ၊ ခင်ဗျားတို့ဆောင်ရွက်နေရတဲ့ဘဝ ၊ ခင်ဗျားတို့ဆောင်ရွက်နေရတဲ့လုပ်ငန်း ကျွန်တော်တို့ဆောင်ရွက်နေရတဲ့လုပ်ငန်းက အပြန်အလှန်ဆက်ဆံရင်ဖြစ်လာမယ်လို့ထင်ပါတယ်ခင်ဗျ။

မေး ။ ။တပ်မတော်သားတွေကိုဝေဖန်တဲ့ နိုင်ငံသားတွေကို (၅၀၅) (က)ကြီးတွေနဲ့ ဒေါင်းတို့မျိုးဆက်တို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ အားလုံးကိုစွဲနေတော့လေ ဒါဟာတပ်မတော်ကိုနိုင်ငံသားတွေအနေနဲ့ဝေဖန်ရင် သီးမခံဘူးဆိုတဲ့သဘောလား ၊ တပ်မတော်ရဲ့သဘောထားကအကဲဆတ်တာလားဗျ။

ဖြေ ။ ။ သည်းခံတယ် သည်းမခံဘူးဆိုတာ သည်းခံသင့်တဲ့အတိုင်းအတာကိုသည်းခံတာပဲကောင်းတယ်။ သည်းခံသင့်တဲ့အတိုင်းအတာကိုသည်းခံသင့်တယ်ပဲကောင်းတယ်ဆိုတာ အစိုးရဝန်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ် ၊ အဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ဖြစ် ၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမလုပ်ဘဲသည်းခံပါများရင် ဘာမှလည်းမတုန့်ပြန်ဘူး ဒီတိုင်းငြိမ်ခံနေမယ်ဆိုရင် သည်းခံပါများလာရင် ပိုပြီး ရောင့်တက်လာတာရှိတယ်။ နောက်ဆုံးပြောရရင်တော့ ရှိသမျှခေါင်းမွှေးပြောင်ဖို့ပဲရှိတယ် ၊ ကိုယ့်ခေါင်းမွှေးကိုတစ်ပင်ချင်းလာနုတ်နေတာတော့ တစ်ပင် နုတ်ရင်သည်းခံမယ်ဗျာ ၊ နှစ်ပင် နုတ်ရင်သည်းခံမယ်ဗျာ ၊ သုံး လေးပင်ပေါင်းပြီးနုတ်ပြီဆိုရင်တော့ ပြန်ပြီးတော့ဆော်ဖို့ပဲရှိတာပေါ့ဗျာ။

မေး ။ ။ EU ကနေပြီးတော့လက်နက်ရောင်းချခွင့် တစ်နှစ်ဆန်ရှင်ထပ်တိုးလိုက်တဲ့အပေါ်မှာရောဘာများပြောချင်လဲ။

ဖြေ ။ ။ ဒီလက်နက်ဆန်ရှင်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဒီ မြန်မာနိုင်ငံရဲ့လက်နက်စနစ်အများစုကတော့ EU ကနေလာတဲ့ဟာတွေမဟုတ်ပါဘူး ၊ ရုရှား နဲ့ တရုတ်ကနေလာတဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံအပေါ်မှာတော့ သိပ်ပြီးအကျိုးသက်ရောက်မှုမရှိနိုင်ဘူး။ သို့သော် တပ်မတော်အနေနဲ့ Standard Army တည်ဆောက်တဲ့အခါမှာတော့ အားလုံးဆီကနည်းပညာ အတတ်ပညာတော့လိုချင်တာပေါ့ဗျာ။

ဓာတ်ပုံ- တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ယမန်နေ့က တိုက်ကြီးမြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts