All News Local News

ကိုယ်ပိုင်လယ်မြေတွင် ထွန်ယက်စိုက်ပျိုးရန် ပြင်ဆင်သော တောင်သူ ၅ ဦးကို သစ်တောဌာနက ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်၊ ရဲစခန်းတွင် ယနေ့ တောင်သူများ အဖမ်းခံကြမည်

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မလှိုင်မြို့နယ်ရှိ ကိုယ်ပိုင်လယ်မြေတွင် ထွန်ယက်ရန် ကြိုးပမ်းသူ ညောင်ပင်သာကျေးရွာနှင့် ဘဏ္ဍာစိုးကျေးရွာနေ တောင်သူ ၅ ဦးကို မလှိုင်မြို့နယ်ရဲစခန်းက ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ပုဒ်မ ၆ (၁) သည် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မဖြစ်သည်။

တောင်သူ ၅ ဦးသည် ၂၀၁၉ ခုနှစ်က သစ်တောဦးစီးဌာန လက်အောက်ခံ အဖွဲ့မှ ၉ခရိုင် စိမ်းလန်းစိုပြေရေးစီမံချက်ဖြင့် သိမ်းယူထားသော မြေနေရာပေါ်တွင် စိုက်ပျိုးစေ့ချရန်အတွက် လယ်ထွန်းစက်မောင်နှင်းခြင်းကြောင့် ပုဒ်မ ၆၁ ဖြင့် အရေးယူခြင်းဖြစ်ကြောင်း၊ အဆိုပါ လယ်မြေများသည် စီမံချက်ဖြင့်သိမ်းယူထားသော မြေနေရာဖြစ်သော်လည်း လွန်ခဲ့သည် နှစ်ပေါင်း၄၀ ကျော်ကပင် တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး မြေပိုင်ဆိုင်ကြောင်းအထောက်အထားများလည်းရှိသည်ဟု တောင်သူ ဦးဆန်းဝင်းကပြောသည်။

မြေသိမ်းခံရပြီး ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ခံရသူ ၅ ဦးမှာ မူလပိုင်ရှင်များဖြစ်သည့် ဘဏ္ဍာစိုးနေ ရွာ ဦးဆန်းဝင်း ၊ ဦးညိမ်းလှိုင်၊ ဦးခင်မောင်အေး နှင့် ညောင်ပင်သာရွာနေ ဦးညိမ်းအောင်၊ ဦးစံဌေးတို့ဖြစ်သည်။

“ကျနော်တို့က ကိုယ်မြေမှာကို လယ်ထွန်းတာကို ကျွန်တော်တို့ကို ပြည်သူပိုင် ပစ္စည်းပျက်စီးမှုဆိုပြီး ရဲစခန်းက အမှုဖွင့်တာဖြစ်တယ်” ဟု ဦးဆန်းဝင်းကဆိုသည်။

မိတ္ထီလာမြို့၊ မလှိုင်မြို့နယ်ရှိ ညောင်ပင်သာကေငးရွာနှင့် ဘဏ္ဍာစိုးကျေးရွာ အတွင်းရှိ မြေဧကစခန်း ၂၇၀ ခန့်ကို လွန်ခဲ့သည့် ၂၀၁၈ ၂၀၁၉ ခုနှစ်မှ စတင်ကာ သစ်တောဦးစီးဌာန လက်အောက်ခံ အဖွဲ့က ၉ ခရိုင် စိမ်းလန်းစိုပြေရေးစီမံချက်ဖြင့် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း မသိမ်းခံထားရသည့် တာင်ယာစိုက်ပျိုးသူများကဆိုသည်။

အဆိုပါ လယ်မြေများတွင် ၂၀၀၉ -၂၀၁၀ ခုနှစ်က မြေစာရင်းဦးစီးဌာနက လယ်သမားများထံသို့ မြေပိုင်ဆိုင်ကြောင်းထုတ်ပေးထားသော စာအုပ်များရှိကြောင်း၊ ၂၀၁၆ နှစ်က ပုံစံ (၇) လျောက်ထားရာတွင် မြေစာရင်းဦးစီးဌာနသို့ ကွင်းဆင်းစရိတ်၊ ကားဆီဖိုး ၊ ပုံစံလျောက်ထားရန်အတွက် ငွေကျပ် ၅သိန်း ပေးဆောင်ခဲ့ထားပြီးဖြစ်ကြောင်း ဦးဆန်းဝင်းကဆိုသည်။

မလှိုင်ရဲစခန်းက ပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုထားသော အမှုကိစ္စနှင့်ပတ်သက်ပြီးယနေ့ မေ ၂၃ရက်နေ့တွင် သွားရောက် အဖမ်းခံရန် ရှိကြောင်း သိရှိရသည်။

ယင်းမြေသိမ်း အမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး မလှိုင်ရဲစခန်းနှင့် သစ်တောဦးစီးဌာနကို ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts