All News Business Local News

NLD အစိုးရ ၃ နှစ်တာ အညွန်းကိန်းတက်ပြီး ပုဂ္ဂလိကစီးပွားရေးတွေ ထိုးဆင်းနေတာ ဘာကြောင့်လဲ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

NLD အစိုးရရဲ့ ၃ နှစ်တာကာလအတွင်းမှာ စီးပွားရေးကဏ္ဍဟာ ထူးထူးခြားခြား တိုးတက်မှု နည်းပါးခဲ့ပြီး လုပ်ငန်းရှင်အများစု စိတ်ပျက်လက်ပျက် ညဉ်းညူကြပါတယ်။ ဘာကြောင့် စီးပွားရေးတွေ ကျဆင်းနေပါသလဲ။ ရန်ကုန်ခေတ်သစ်က စီးပွားရေးလုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာ စိုးထွန်း
( Ayeyar Mittar Pubilc Co., Ltd – Chairman & CEO )

လက်ရှိအနေအထားမှတော့ အစိုးရအဖွဲ့ဝင်ပြောတာတော့ GDP တော့ တက်တယ်လို့ ကျနော်တို့ သိရတာပေါ့။ သို့သော်လည်း ကျနော်တို့လုပ်တဲ့လုပ်ငန်းမှာတော့ ဆောက်လုပ်ရေးလုပ်ငန်း ဒါတွေတော့ ကျတာပေါ့။ နောက် ရခိုင်အရေးကိစ္စကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလည်း ကျနေတယ်။ စီးပွားရေးကတော့ ကျနော်တို့လုပ်ငန်းရှင်တွေ ၊ ကော်မတီအနေနဲ့ အကျိုးအမြတ်ရရှိမှု နည်းပါးတယ်။ လူတွေရဲ့သုံးစွဲနိုင်မှု ကျတဲ့ပုံစံတော့ ရှိတယ်။

အတိအကျပြောရရင် ရုန်းကန်နေရတဲ့ အနေအထား ရှိသေးတာပေါ့။ အရင်ကတည်းက အစိုးရက ပြီးခါနီးမှာတော့ ဆောက်လုပ်ရေး ၊ လျှပ်စစ်တို့က ကျချင်တာပေါ့။ ဒါပေမဲ့ အစိုးရသစ်တက်လာတဲ့အချိန် လက်ရှိဆောက်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တော့ ပိုပြီးရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ ကျချင်တာတော့ ကျနေတာပေါ့။ သို့သော် အပြီးသတ်ဖြစ်သွားတာက ဒီဘက် အပြောင်းအလဲမှာ ပိုပြီးတော့ လုပ်ငန်းဆိုးရွားသွားတဲ့ အနေအထားတော့ ရှိတာပေါ့။ ကျနော်တို့ တိုင်းပြည်က နယ်စပ် ကုန်သွယ်ရေးကို တစ်နှစ်ကို ဒေါ်လာ ၄ မီလီယံလောက် ပို့နိုင်တယ်လေ။

အခုတော့ အနေအထားက ကျပ်နေတယ် ။ ကျနော်တို့ကုန်တွေက အဲဒီဘက်ကို သွားနေတာလေ။ စီးပွားရေးကို အစဉ်တစိုက်လုပ်ဖို့လိုတယ်လေ အစိုးရအနေနဲ့ ၊ ဒီနှစ်ပိုင်းအတွင်းမှာ ဒီအတိုင်းသွားရင်တော့ လုပ်ရတာ နည်းနည်းလေးပိုကျပ်တာပေါ့ ။ အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးသင့်တာပေါ့။

ဦးနေလင်းဇင်
( မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် – MRF – Joint Secretary General )

လက်ရှိ ဒီနှစ် ၃ နှစ်မှတော့ ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေ တော်တော်လေး တည်ငြိမ်နေတာပေါ့။ အမှန်အတိုင်းပြောရရင် အားရမှုမကောင်းဘူး ။ လုပ်ငန်းကြီး ကော်ပိုးရေးရှင်း အကြီးကြီးတွေ ၊ ကုမ္ပဏီတွေ ၊ SMEs အကုန်လုံးက အကျပ်အတည်းတွေပဲ တွေ့နေရတယ်။ ဒီ ၃ နှစ်မှာတော့ စီးပွားရေးလုပ်ငန်းတော်တော်များများ အသုံးစရိတ်တွေ လျှော့ချတယ်။ ဝန်ထမ်းတွေ လျှော့ချတယ်။ အလုပ်အကိုင်မကောင်းတာ တွေ့ရတယ်။ အဲ့ဒီ အကျိုးဆက်အနေနဲ့ ဘာသွားဖြစ်လဲဆိုတော့ လူတစ်ဦးချင်းစီ သုံးစွဲမှုရာခိုင်နှုန်း ကျသွားတယ်။ သုံးစွဲနိုင်စွမ်းက ကျသွားတယ်။ အများကြီကျသွားတာ တွေ့ရ တယ်။ ဆန်စပါးလုပ်ငန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၇ – ၂၀၁၈ တန်ခြေ ၃ ဒသမ ၆ သန်း ကိုတော့ စံချိန် တင်အောင် တင်ပို့နိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီလိုတင်ပို့နိုင်ခဲ့လည်း တင်ပို့တဲ့လူတွေက အကျိုးအမြတ် ဖြစ်သလားလို့ ပြောရင်တော့ အကျိုးအမြတ်မဖြစ်ဘူး။ တစ်ခုရှိတာတော့ ဒီလယ်သမားတွေတော့ ဒီဈေးကွက်ဆွဲတင်မှုနှင့် ပြီးခဲ့တဲ့ နှစ်အတွင်းမှ ဈေးကောင်းတွေ အများကြီးရခဲ့တယ်။ ဒါကတော့ အစိုးရကြောင့် မဟုတ်ဘူး။ ဈေးကွက်က ဖန်တီးတဲ့ လက်ရှိကျနော်တို့ ပုဂ္ဂလိကတွန်းအားပေးတဲ့ ပုဂ္ဂလက ကဏ္ဍကြောင့် ဖြစ်လာတယ်။ ဒီလိုမျိုး တိုးပြီးတင်ပို့နိုင်ပေမယ့် တကယ်တမ်း ဆန်လုပ်ငန်းရှင်တွေဟာ အကျိုးအမြတ်က အဓိက မဟုတ်ဘဲ အခွန်တွေလည်း အများကြီးဆောင်နေရတယ်။ အခုလက်ရှိလည်း ဒုက္ခ၊ အခက်အခဲတွေ ကြုံနေရတယ်။ ဒီနှစ်မှာ နိုင်ငံတကာ ရိုက်ခတ်မှုကြောင့် ဒီနှစ်မှာ ဆန် Export တင်ပို့မှုက တော်တော်လေး ကျသွားတယ်။

အမှန်အတိုင်းပြောရရင် လုပ်ငန်းရှင် ၊ လုပ်ငန်းတွေတော်တော်များများက စရိတ်ကြေအောင် အလုပ်လုပ်နေရတယ်။ အမြတ်ဆိုတာထက် ဝန်ထမ်းစရိတ်ကျေအောင်၊ တကယ်လို့ လုံးဝရပ်တာထက် ရှုံးမှာ ၊ လုံးဝရပ်ထားရင် သိန်း ၅၀ ရှုံးမယ် ၊ အလုပ်လုပ်နေရင် ၅ သိန်း ရှုံးမယ် ၊ ၁၀ သိန်းရှုံးမယ်ဆိုရင် ကျနော်တို့ နောက်မှာ စက်ရုံဝန်ထမ်းတွေ ရှိတယ်။ ဝန်ထမ်းတွေမှာ စရိတ်တွေ ရှိတယ်။ အဲ့တော့ ဒီလိုမျိုး တချို့ဟာတွေက အမြတ်မရပေမယ့် တချို့ဟာတွေက အရှုံးသက်သာအောင် လုပ်နေရတဲ့အပိုင်းတွေ ရှိတယ်။

၂၀၂၀ အထိတော့ အကုန်လုံးက တောင့်ပြီးခံဖို့ အားမွေးထားကြတယ်။ ၂၀၂၀ အထိ ဘာကြောင့်လဲဆို တော့ ၂၀၂၀ မှာ ရွေးကောက်ပွဲရှိတော့ စီးပွားရေးတိုးတက်မှု အလားအလာကိုလည်း ဘယ်လိုလာမှန်း မသိဘူးလေ။ ခက်တာလည်း နိုင်ငံရေးအရွှေ့အပြောင်းကလည်း ဒီစီးပွားရေးအပေါ် အများကြီး သက်ဆိုင်နေတယ်။ တစ်ခုပြောနိုင်တာတော့ ဒီ ၃ နှစ်အတွင်း ခြုံငုံကြည့်လိုက်ရင် စီးပွားရေးအခြေအနေက တိုးတက်မှုမရှိဘူး။ အကုန်လုံးက အကျပ်အတည်းတွေချည်းပဲ ရင်ဆိုင်နေရတယ်။

ဦးမျိုးမြင့်
( M.K.T Construction Co., Ltd – Chairman & CEO )

ယေဘုယျပြောရင်တော့ ပုဂ္ဂလိက စီးပွားရေးအခန်းကဏ္ဍကတော့ မတိုးတက်ဘူးပေါ့။ မတိုးတက်တဲ့အပြင် ကျဆင်းနေတယ်။ တစ်နိုင်ငံလုံးရဲ့ GDP အနေနဲ့ ကျန်တဲ့ ကဏ္ဍကနေ ရပြီးတော့ ဥပမာ – ဖုန်း နေရာမျိုးကနေ ရပြီးတော့ တက်ရင်တက်မှာပေါ့။ သူတို့ အညွန်းကိန်းဂဏန်းအရ ၊ ဒါပေမယ့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက တော်တော်ထိုးဆင်းနေတာ ။ အခု နောက်ဆုံး တခြားဟာမပြောနဲ့ ထီတောင်ပျက်သွားပြီလေ ။ ထီတောင် ၂ ကြိမ်ရှိပြီ ၊ ထီတောင် မရောင်းရလို့ စရံ ၊ စပေါ်တင်ထားတဲ့ ပိုက်ဆံတွေတောင် အရှုံးခံတာတွေတောင် ဖြစ်နေပြီ ။ အဲဒီတော့ ဘယ်လိုခေါ်မလဲ ၊ ကျနော်တို့ ပုဂ္ဂလိက ကဏ္ဍက အရင်ဆုံးကျဆင်းတာပေါ့။ အခု ဆောက်လုပ်ရေးလုပ်ငန်းက အရင်ဆုံးကျဆင်းတာပေါ့။ ဆောက်လုပ်ရေးလုပ်ငန်းထိတယ်။ ပဲဈေးကွက်တွေ ထိတယ်။ အသီးအနှံဈေးကွက်တွေ ထိတယ်။ တစ်ခါ ဆန်စပါးဆိုရင် ကောင်းလာလိုက် ၊ ပြန်ပြီးပျောက်သွားလိုက် ၊ အဲ့လို ဖြစ်တယ်လေ။ စီးပွားရေး အကုန် ချုံးချုံးကျတဲ့ သဘောပဲ။ ပုဂ္ဂလိကဘက်က နည်းနည်းအရင်းအနှီးရှိတဲ့သူတွေက မလုပ်တော့ဘူး အခုချိန်မှာ ။

GDP တိုးတက်တာက သူတို့သုံးသပ်သလို ကျန်တဲ့ကဏ္ဍတွေအနေနဲ့ ၊ နိုင်ငံတော်ကဏ္ဍအနေနဲ့ သူ့ဘာသာ အခွန်အခတွေ တိုးထားတာ ရှိမယ် ၊ နောက်တစ်ခါ ဥပမာ – ဆက်သွယ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး ရထားတာ ရှိမယ်။ ဒါမျိုးတွေတော့ တက်ရင်တက်မှာပေါ့။ ဒါပေမယ့် တစ်ဦးချင်း ပုဂ္ဂလိက ကဏ္ဍကတော့ ကျဆင်းနေတယ်။ ယေဘုယျပြောရရင်တော့ ၊ ဆောက်လုပ်ရေးအခြေအနေကတော့ တော်တော်လေးကို ကျဆင်းနေတယ်၊ မကောင်းဘူးပေါ့၊ ၃ နှစ်လုံးလုံး တစ်လျှောက်ပဲ။ ၃ နှစ်မတိုင်ခင် စကျချင်နေတာ အခုနောက်ပိုင်းက ပိုဆိုးသွားတဲ့အခြေအနေဖြစ်သွားပြီ ၊ အရင်အစိုးရလက်ထက် ဦးသိန်းစိန်လက်ထက်နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီးကျဆင်းတယ်။ မကျဆင်းဘူးဆိုရင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။

ကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများ သုံးသပ်တာက ၂၀၂၀ အထိတော့ ကျနော်တို့ ဘယ်လိုပြောပြော သူတို့ပြောင်းမှာ မဟုတ်တော့ဘူး။ ၂၀၂၀ အထိတော့ မကောင်းဘူးလို့ ကျနော်က ယူဆထားတယ်။ လုပ်သင့်တဲ့ဟာတွေ အကြံဉာဏ်တွေကို ဘက်ပေါင်းစုံက အကြံပြုခဲ့တယ်။ ဒါပေမယ့် ဘာမှ ထူးခြားလာတာ မရှိတဲ့အတွက် ၂၀၂၀ အခု အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိတော့ သိပ်ပြီး ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍက သိပ်ပြီးအလားအလာကောင်းမယ်မထင်ဘူး ။ အဓိကတော့ ကျနော်တို့ ဆောက်လုပ်ရေးကဏ္ဍပေါ့။

ဒေါက်တာ ခင်မောင်ညို
စာရေးဆရာ

၃ နှစ်တာမှ စီးပွားရေးက ခြုံငုံပြောရရင် တိုးတက်တယ်လို ပြောလို့မရဘူး ။ ရန်ကုန်မှာဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ အများကြီးဝင်လာတယ်။ ပိုက်ဆံတွေလည်း အများကြီးဝင်လာတယ်။ တိုးတက်တယ်လို့ ပြောလို့ရတာပေါ့။ ရွှေဈေးကလည်း အများကြီးတက်လာတယ်။ ဒေါ်လာဈေးလည်း တက်လာတယ်။ လုပ်ရကိုင်ရတာ နည်းနည်းခက်သွားတာပေါ့။ ဒီကြားထဲမှ ယုံကြည်မှုတည်ဆောက်နေတဲ့ကာလ ဖြစ်တယ် ။ နောက် ရခိုင်ကိစ္စတွေ ရှိတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ၊ မြစ်ဆုံကိစ္စတွေရှိတော့ ဒါတွေအပေါ်မူတည်ပြီး စီးပွားရေးက နည်းနည်းလေး နှေးနေတာပေါ့။

အခုလောလောဆယ်မှာ တရုတ်နဲ့ ကုန်သွယ်တဲ့အခါ ကွန်တန်နာပဲ သုံးတယ်လေ။ ကွန်တန်နာ တစ်နေ့ အလုံး ၂၀၀၀ သွားနေတဲ့ဟာ။ ပိုက်ဆံအများကြီး ကုန်တယ်။ တကယ်လို့ လမ်းပန်းဆက်သွယ်ရေးကောင်းလာပြီ၊ အဆက်အသွယ်လုပ်လို့ရပြီဆိုရင် မီးရထားလမ်းနဲ့ လုပ်လိုက်ရင် နောက်ပိုင်း ကောင်းသွားမယ်။ ပိုပြီး ကောင်းသွားမယ်ထင်တယ်။ အခု ကွန်တန်နာကောင်းသွားပြီ၊ စီးပွားရေးက နားလည်မှု ပိုရှိလာမှာ ပေါ့။ အခု ၃ နှစ်က လုပ်ခါစပဲ ရှိသေးတယ်လေ။ ဘယ်လိုမှ လုပ်လို့မရတဲ့ အခြေအနေ ၊ အောက်ကလူနဲ့ အပေါ်ကလူက သိပ်အခြေအနေ နားမလည်သေးဘူး။ နားလည်မှုရှိပြီး လုပ်ကိုင်သွားမယ်ဆိုရင် လုပ်လို့ရမယ် ထင်တယ်။ ပိုကောင်းသွားမယ် ထင်တယ်။

ဦးသိန်းစိန်လက်ထက်တုန်းက သူတို့ခိုင်မာတဲ့အဖွဲ့အစည်း ၊ ခိုင်မာတဲ့ လုပ်ငန်းတွေနဲ့ တည်ဆောက် ထားတာကို စစ်အစိုးရအခြေခံနဲ့ သူတို့ လုပ်သွားလို့ရတယ်။ ရုတ်တရက်တော့ ကောင်းသလိုတော့ ရှိတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဒီ NLD က ကိုင်လိုက်တော့ စီးပွားရေးက အကျပ်အတည်းနဲ့ လုပ်ရတဲ့အခြေအနေ ရှိသွားတယ်။ မလုပ်တတ်မကိုင်တတ်လည်း ရှိတယ်။ ဒါပေမယ့် အခြေအနေက တော်တော်လေး လုပ်တက်ကိုင်တက်သွားပြီး ၊ လုပ်လို့ရသွားပြီ ထင်တယ်။ အဆင်ပြေသွားမယ့် အကြောင်း ရှိပါတယ်။ အဲဒီအခြေအနေမှာ အကုန်လုံးက သဘောပေါက်ပြီး စီးပွားရေးပညာရှင်တွေ အသိအမှတ်ပြုပြီးတော့ ထပ်ခေါ်ပြီးတော့ နားလည်မှုယူပြီးတော့ အလုပ်လုပ်ကြမယ် ၊ တွဲလုပ်ကြမယ် ဆိုရင်တော့ အကုန်လုံးအဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။

ဓာတ်ပုံ- နေပြည်တော်တွင် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် စီးပွားရေးသမားများနှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံပွဲ ။ Photo Credit – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com