All News interview Peace

“KIAက မုန်းပေါ် နားမှာ လာပြီး စခန်းဆောက်တယ်။ တပ်စစ်ကြောင်းတစ်ခုကို မိုင်းခွဲ ပြီး တိုက်ခိုက်ခဲ့တယ်။ သူတို့ ယာယီ စခန်း ၇ ၊ ၈ ခု လောက်ကို ကျနော်တို့ သိမ်းလိုက်နိုင်တယ်”

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့်ဆက်သွယ်မေးမြန်းချက်

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို လက်ရှိ ရခိုင်အခြေအနေ၊ KIA ဖြစ်ပွားသည့် တိုက်ပွဲ၊ တပ်မတော်က မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုမှုများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်၊ မြောက်ဦးမှာ AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေထဲက ၃ ဦး သေဆုံးသွားတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲ။ နှိပ်စက်လို့ သေတယ်ဆိုပြီး ပြောသံတွေလည်း ထွက်နေပါတယ်။

ဖြေ။ ။ ကျနော်တို့က သတင်းထုတ်ပြန်ထားတာတွေ ရှိတယ်။ နှစ်ဦး တောင် မဟုတ်ဘူး။ ၃ ဦး ၊ တစ်ဦးကတော့ ဆေးစစ်ချက်အရ နှလုံးရောဂါနဲ့ ဆုံးသွားတာ ရှိတယ်။ တစ်ဦးကတော့ သူဘာသာ ဆွဲကြိုးချပြီး ဆုံးတာ ။ နောက်ဆုံးတစ်ဦးကတော့ သူက အရင်ကတည်းက ဆေးစွဲနေတာ။ ကျနော်တို့ ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံမှာ ရင်ခွဲစစ်ဆေးချက် ယူထားတာ ရှိတယ်။ ပြီးရင် ရဲစခန်းတွေမှ သေမှုသေခင်း ဖွင့်ထားတာ ရှိတယ်

နှိပ်စက်လို့ သေတာ မဟုတ်ဘူး။ ထင်သာမြင်သာအောင်လို့ ကျနော်တို့ဆီမှတောင် ဆေးစစ်ချက် မလုပ်ပါဘူး။ စစ်တွေဆေးရုံကြီးမှာပဲ ရင်ခွဲစစ်ဆေးပြီး ဆေးစစ်ချက်ယူခဲ့တယ်”

မေး ။ ။ ဧရာဝတီ သတင်းဌာန၊ RFA ၊ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ကို တပ်မတော်ဘက်က အမှုဖွင့် ကိစ္စတွေက သက်ဆိုင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားတာလား။

ဖြေ။ ။ တရားစွဲဆိုတာတော့ တိုင်းဒေသကြီးအလိုက် တရားစွဲတာပါ ။ ရန်ကုန်တိုင်းက တရားစွဲထားတာ ရှိတယ်။ အနောက်တောင်ပိုင်းက တရားစွဲထားတာ ရှိတယ်။ သီးခြား ညွှန်ကြားတာမျိုး မရှိပါဘူး။ သူတို့ ဆီကနေ ၊ သူတို့နယ်မြေအတွင်းမှ ပြုလုပ်တာ တရားစွဲထားတာ ရှိပါတယ် ။

မေး။ ။ အပစ်အခတ်ရပ်စဲတဲ့ ၄ လအတွင်းမှာ KIA စခန်းတွေကို တပ်က သိမ်းတယ်ဆိုတော့ ဘာကြောင့် အဲလိုတွေဖြစ်လာပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဒီရက်ပိုင်း ထူးထူးခြားခြား ဖြစ်သွားတာက မုန်းပေါ် ဘက်မှာ KIA ကိစ္စလည်း ရှိတယ်။ အဲဒီကိစ္စက မီဒီယာတွေလည်း အမေးများတယ်။ အဲဒီဘက်မှာ ကျနော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ သြင်္ကန် အထူးကာလမှာ ၃ကြိမ်လောက်ဖြစ်ပွားခဲ့တယ်။ မနေ့ကအထိ ၄ ကြိမ်လောက်ဖြစ်ပွားခဲ့တယ်။ ကျနော်တို့က အပစ်ရပ်ထားတဲ့အချိန် ကချင်ပြည်နယ်မှာ မဖြစ်ဘူး။ ပြီးတော့ အဲ့ မုန်းပေါ် က မူဆယ်နားလေးမှာ ။ KIA နဲ့ ဖြစ်တာက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ။ အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက သူတို့နဲ့ ကျနော်တို့ အရင်က သဘောတူခဲ့တဲ့ Bilateral သဘောတူညီချက်တွေ ရှိတယ်။ အဲဒါက NCA မတိုင်ခင် လုပ်ခဲ့တာဟာတွေ ၊ နယ်မြေသတ်မှတ်ချက်တွေ ရှိတယ်။ နယ်မြေသတ်မှတ်ချက်ထက် ကျော်လွန်ပြီး မုန်းပေါ် နားမှာ လာပြီး စခန်းဆောက်တယ်။ ၁၉ ရက် ၊ ၂၀ ရက်နေ့က ကျနော်တို့ တပ်စစ်ကြောင်းတစ်ခုကို သူတို့က မိုင်းခွဲ ပြီး တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီကနေ စလိုက်တာ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ရက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဖြစ်ပြီး မနေ့က အဲ့နားမှာ ရှိတဲ့ သူတို့ ယာယီ စခန်း ၇ ၊ ၈ ခု လောက်ကို ကျနော်တို့ သိမ်းလိုက်နိုင်တယ်။ အပစ်အခတ်ရပ်စဲရေး ၄ လတာ ကုန်ခါနီးကာလမှာ ထဖြစ်တာ။ နယ်မြေလုံခြုံရေးအတွက် ကျနော်တို့ စခန်းတွေ သိမ်းလိုက်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts