All News Peace

AA အဖွဲ့ဝင်ဟုဆိုကာ ဖမ်းဆီးထားသူ ၂၇ ဦး အနက်မှ ၂ ဦး သေဆုံးမှု ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရန် တောင်းဆိုမည်

ရန်ကုန်၊ ဧပြီ ၂၄

AA အဖွဲ့ နှင့် ဆက်စပ်နေဟု ဆိုကာ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခံရသည့် မြောက်ဦးမြို့နယ် ၊ လက္ကားကျေးရွာရှိ လူ ၂၇ ဦး အနက် ၂ ဦး သည် ယမန်နေ့က သေဆုံးသွားသဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ် လွှတ်တော်က စုံစမ်းစစ်ဆေးရန် တောင်းဆိုမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဧပြီလ ၁၀ ရက်နေ့ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော ၂၇ ဦးအနက်မှ ဦးသိန်းထွန်းစိန်နှင့် ကိုဇော်မျိုးထွန်း နှစ်ယောက် သေဆုံးသွားခြင်းဖြစ်ပြီး မည်သို့ သေဆုံးသည်ကို မသိရှိရသေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ ကျနော်ကြားသိရတာက ဇော်မျိုးထွန်းဆိုတဲ့ အသက် ၂၂ နှစ် ကလေးကတော့ နှလုံးဖောက်ပြီး သေတယ်လို့ သိရတယ်။ နောက် တစ်ယောက်က သိန်း ထွန်းစိန် အသက် ၄၀နှစ် တစ်ယောက်ကတော့ သူက ဆွဲကြိုးချပြီး သေတယ်။ ဒီလိုပဲ သိရတယ်။ သူတို့ မိသားစုဝင်တွေကို သူတို့ကိုလည်း ဒီလိုမျိုးသေတယ်။ အစိုးရအဖွဲ့က ဒီလိုမျိုးပြောတာရှိတယ်။ ကျနော်ကတော့ လေ့လာတယ်။ သူတို့က ဘယ်အချုပ်ခန်းထဲမှာ ရောက်နေတယ်။ ဘယ်မြို့မှာ ရှိနေတယ်။ ဘယ်သူတွေက စစ်ဆေးနေတယ်ဆိုတာ ကျနော်တို့လည်း စုံစမ်းနေပါတယ်။ နေ့တိုင်းလိုလို ၊ ဒါပေမယ့် မသိရပါဘူး။ သေဆုံးတဲ့ မိသားစုဝင်တွေကော ၊ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မိသားစုဝင်တွေကော ၊ အဲ့ဒီမိသားစုဝင်တွေနဲ့ ကျနော် ၂ ကြိမ် ၊ ၃ ကြိမ်တော့ တွေ့ဖြစ်ပါတယ်။ ကျနော်တို့က လွှတ်တော်အခင်းအကျင်းလေးမှာပဲ ကျနော်တို့ တရားဝင်တောင်းဆိုသွားဖို့ ရှိပါတယ်” ဟု မြောက်ဦးမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများတွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသည့် မောင်စိုးမိုးကျော်ပါဝင်ပြီး မြောက်ဦးမြို့နယ် ၊ ပြိုင်းချကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မိသားစုတွင် အငယ်ဆုံး သားဖြစ်ကြောင်း ၊ လက်ရှိတွင် လက္ကားကျေးရွာတွင် မိထွေးဖြစ်သူ ဒေါ်ဆန်းဆန်းအေးနှင့် အတူတကွ နေထိုင်ကာ ဆယ်တန်းစာမေးပွဲကို ဖြေဆိုထားသူဖြစ်ကြောင်း မိထွေးဖြစ်သူ ဒေါ်ဆန်းဆန်းအေး၏ ပြောဆိုချက်အရ သိရှိရသည်။

“ ဘာမှ မကြားရသေးဘူး။ သူမိသားစုအခြေအနေက ဆင်းရဲတယ်။ မိဘတွေက မရှိဘူး။ သူများနိုင်ငံမှ သွားပြီး အလုပ်လုပ်နေရတာ။ သူက ဆယ်တန်းစာမေးပွဲကို ဖြေထားတာ။ အဲ့ဒီနေ့က သူတို့ဝင်လာပြီးတော့ အကုန်လုံးကို ထုတ်တယ်။ ရွာသားတွေနဲ့ ၊ အဲဒီတုန်းက ဧည့်သည်တွေပါ အကုန်လုံး ဆွဲခေါ်သွားတယ်။ ကျမ သားက ကြောက်ပြီး ထွက်သွားတာ။ သူတို့က ဧည့်သည်တွေ ထွက်ဆိုပြီး ဖမ်းသွားတာ။ AA ဆိုပြီး ပြောပြီး ဖမ်းသွားတာလေ “ ဟု ဒေါ်ဆန်းဆန်းအေးက ပြောသည်။

ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့ ၊ လက္ကာကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းနှင့် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ AA အဖွဲ့ တို့ ၂ နာရီကြာ ထိပ်တိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ လိုက်လံရှင်းလင်းရာ ကျေးရွာအတွင်းရှိ ရွာသူရွာသားများနှင့် ရောနှောတပ်ဖျောက်ထားသည့် ရွာခံမဟုတ်တဲ့ မသင်္ကာဖွယ် ရွာသား ၂၃ ကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာမှ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts