All News Peace

AA အဖွဲ့ဝင်ဟုဆိုကာ တပ်က ဖမ်းဆီးထားသူ ၂၇ ဦးအနက်မှ ၃ ဦးသေဆုံးမှု ညှဉ်းပန်းနှိပ်စက်ခံရလို့လား

ရန်ကုန်၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် AA အဖွဲ့ နှင့် ဆက်စပ်နေဟု ဆိုကာ တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခံရသူများ အနက် ၃ ဦး ဧပြီလ ၂၃ ရက်နေ့က သေဆုံးမှုသည် တပ်မတော်က နှိပ်စက်ခြင်းမဟုတ်ကြောင်း တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

“ကျနော်တို့က သတင်းထုတ်ပြန်ထားတာတွေ ရှိတယ်။ နှစ်ဦး တောင် မဟုတ်ဘူး။ ၃ ဦး ၊ တစ်ဦးကတော့ ဆေးစစ်ချက်အရ နှလုံးရောဂါနဲ့ ဆုံးသွားတာ ရှိတယ်။ တစ်ဦးကတော့ သူဘာသာ ဆွဲကြိုးချပြီး ဆုံးတာ ။ နောက်ဆုံးတစ်ဦးကတော့ သူက အရင်ကတည်းက ဆေးစွဲနေတာ။ ကျနော်တို့ ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံမှာ ရင်ခွဲစစ်ဆေးချက် ယူထားတာ ရှိတယ်။ ပြီးရင် ရဲစခန်းတွေမှ သေမှုသေခင်း ဖွင့်ထားတာ ရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်က နှိပ်စက်ခြင်းကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ဆေးစစ်ချက်များရှိကြောင်း လည်း ၎င်းက ပြောကြားသည်။

“နှိပ်စက်လို့ သေတာ မဟုတ်ဘူး။ ထင်သာမြင်သာအောင်လို့ ကျနော်တို့ဆီမှတောင် ဆေးစစ်ချက် မလုပ်ပါဘူး။ စစ်တွေဆေးရုံကြီးမှာပဲ ရင်ခွဲစစ်ဆေးပြီး ဆေးစစ်ချက်ယူခဲ့တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ သေဆုံးမှုအကြောင်းအရင်းကို စုံစမ်းနေပြီး ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် တရားဝင်စုံစမ်းမှု လုပ်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော်ကတော့ လေ့လာတယ်။ သူတို့က ဘယ်အချုပ်ခန်းထဲမှာ ရောက်နေတယ်။ ဘယ်မြို့မှာ ရှိနေတယ်။ ဘယ်သူတွေက စစ်ဆေးနေတယ်ဆိုတာ ကျနော်တို့လည်း စုံစမ်းနေပါတယ်။ နေ့တိုင်းလိုလို ၊ ဒါပေမယ့် မသိရပါဘူး။ သေဆုံးတဲ့ မိသားစုဝင်တွေကော ၊ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မိသားစုဝင်တွေကော ၊ အဲ့ဒီမိသားစုဝင်တွေနဲ့ ကျနော် ၂ ကြိမ် ၊ ၃ ကြိမ်တော့ တွေ့ဖြစ်ပါတယ်။ ကျနော်တို့က လွှတ်တော်အခင်းအကျင်းလေးမှာပဲ ကျနော်တို့ တရားဝင်တောင်းဆိုသွားဖို့ ရှိပါတယ်” ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်အသိုင်းအဝိုင်းတွင်မူ ဖမ်းဆီးခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံး သည်ဆိုသော ပြောဆိုမှုများရှိနေပြီး အဖမ်းခံရသူများသည် AA အဖွဲ့နှင့် ပတ်သက်သူများ မဟုတ်ဟု ဝေဖန်မှုများလည်းရှိနေသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများတွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသည့် မောင်စိုးမိုးကျော်ပါဝင်ပြီး မြောက်ဦးမြို့နယ် ၊ ပြိုင်းချကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မိသားစုတွင် အငယ်ဆုံး သားဖြစ်ကြောင်း ၊ လက်ရှိတွင် လက္ကားကျေးရွာတွင် မိထွေးဖြစ်သူ ဒေါ်ဆန်းဆန်းအေးနှင့် အတူတကွ နေထိုင်ကာ ဆယ်တန်းစာမေးပွဲကို ဖြေဆိုထားသူဖြစ်ကြောင်း မိထွေးဖြစ်သူ ဒေါ်ဆန်းဆန်းအေး၏ ပြောဆိုချက်အရ သိရှိရသည်။

“ ဘာမှ မကြားရသေးဘူး။ သူမိသားစုအခြေအနေက ဆင်းရဲတယ်။ မိဘတွေက မရှိဘူး။ သူများနိုင်ငံမှ သွားပြီး အလုပ်လုပ်နေရတာ။ သူက ဆယ်တန်းစာမေးပွဲကို ဖြေထားတာ။ အဲ့ဒီနေ့က သူတို့ဝင်လာပြီးတော့ အကုန်လုံးကို ထုတ်တယ်။ ရွာသားတွေနဲ့ ၊ အဲဒီတုန်းက ဧည့်သည်တွေပါ အကုန်လုံး ဆွဲခေါ်သွားတယ်။ ကျမ သားက ကြောက်ပြီး ထွက်သွားတာ။ သူတို့က ဧည့်သည်တွေ ထွက်ဆိုပြီး ဖမ်းသွားတာ။ AA ဆိုပြီး ပြောပြီး ဖမ်းသွားတာလေ “ ဟု ဒေါ်ဆန်းဆန်းအေးက ပြောသည်။

ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့ ၊ လက္ကာကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းနှင့် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ AA အဖွဲ့ တို့ ၂ နာရီကြာ ထိပ်တိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ လိုက်လံရှင်းလင်းရာ ကျေးရွာအတွင်းရှိ ရွာသူရွာသားများနှင့် ရောနှောတပ်ဖျောက်ထားသည့် ရွာခံမဟုတ်တဲ့ မသင်္ကာဖွယ် ရွာသား ၂၃ ကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com