Peace political news

AA နှင့်တိုက်ပွဲတွင် အတွဲလိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ဟု တပ်မတော်ပြော

ရန်ကုန်၊ ဧပြီ ၃၀

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်ဒေသတွင် MNDAA ကိုးကန့်အဖွဲ့ နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် MLRS ခေါ် Multiple Launch Rocket System အတွဲလိုက်ပစ် ဒုံးကျည်များ အသုံးပြုခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် AA ရခိုင်တပ်မတော်နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အဆိုပါ ဒုံးကျည်များ ထပ်မံ အသုံးပြုနေပြီဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“MLRS အတွဲလိုက် ဒုံးကျည်တွေ ကျနော်တို့ သုံးတယ်။ ပစ်တယ်။ ရခိုင်မှာ။ ပစ်တာကိုတော့ ပစ်တယ်လို့ ပြောပါတယ်။ ဒါက ခေတ်သစ်ကို တစ်ခါတည်းပြောလိုက်တာ။ ကိုးကန့်တိုက်ပွဲ တုန်းက သုံးခဲ့ဖူးတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လူမှုကွန်ရက်တွင် ထွက်ပေါ်နေသော ဗီဒီယိုဖိုင်များအရ မြန်မာ့တပ်မတော်သည် ဧပြီလ ၂၇ ရက်နေ့ ဘူးသီးတောင်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများတွင် MLRS အတွဲလိုက်ပစ်ဒုံးကျည်များ အသုံးပြုခဲ့သည်ကို မြင်တွေ့ရသည်။

၂၀၁၅ ခုနှစ်တွင် ကိုးကန့်နှင့်ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မတော်ဘက်နှင့် ကိုးကန့် တပ်များတွင် အကျအဆုံးများခဲ့ပြီး တပ်မတော်ဘက်မှ လေကြောင်းပစ်ကူအပါအဝင် တပ်မများစွာ အခြေစိုက်၍ အင်အားအလုံးအရင်းဖြင့် လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသကို သိမ်းပိုက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုးကန့်ဒေသတွင် သမ္မတဦးသိန်းစိန်အစိုးရက စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ကြေညာ၍ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၉၉ တို့ကို ချထားပြီး လေကြောင်းအကူများဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လတ်တလော ရခိုင်ဒသေတွင် တပ်မတော်က နောက်ဆုံး စစ်လက်နက်များ အသုံးပြု၍ တိုက်ခိက်နေခြင်းသည် စစ်ရေးအရ အသာစီးရစေရန် ဆောင်ရွက်မှု အဖြစ် ဆိုရမည်ဖြစ်သော်လည်း အရပ်သားထိခိုက်မှု များ ရှိနေသည့်အတွက် နှစ်ဖက်စလုံး သတိထားသင့်သည်ဟု ရခိုင် လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။

“လေကြောင်းပစ်ကူတွေ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သုံးတဲ့အပြင် ဒုံးကျည်တွေပါ သုံးတယ်ဆိုတော့ ဒါက စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းတာပေါ့။ အဓိက ပြောချင်တာက ဒီသုံးတဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အရပ်သားတွေ မထိခိုက်ဖို့ပါပဲ။ ဒါကလည်း နှစ်ဖက်စလုံးအနေနဲ့ပါ” ဟု ရခိုင်လွှတ်တော်အမတ်က ဆိုသည်။

ရခိုင်တပ်မတော် AA သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် နယ်ခြားစောင့် ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ၂၀၁၉ ခုနှစ်အတွင်းတွင် တပ်မတော်နှင့် တိုက်ပွဲ ကို အရှိန်မြင့် ပြင်းထန်လာခြင်းဖြစ်သည်။

ဓာတ်ပုံ- မြန်မာ့တပ်မတော်က အသုံးပြုနေသော MLRS အတွဲလိုက် ဒုံးကျည်ပစ် ကားများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts