All News China Watch Peace

“ဧရာဝတီမြစ်ကို ရောင်းစားပြီးမှ အသက် ချမ်းသာရမယ်ဆိုရင်တော့ မြန်မာပြည်သူလူထုအများစုက အသက်ကိုပဲ အသေခံလိုက်ကြမယ်”

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ဥပဒေပညာရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်ဟောင်း ဒေါက်တာညိုညိုသင်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို မကြာမီ ပြန်လည်စတင်မည်ဆိုသော ယူဆချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည် တရုတ်သွားရောက်မည့် ခရီးစဉ်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သွားရောက်သည့် ခရီးစဉ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ ရန်ကုန်ခေတ်သစ်က မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ ဦးဆောင်သူလည်းဖြစ်၊ ဥပဒေပညာရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်း လည်းဖြစ်သူ ဒေါက်တာညိုညိုသင်းကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားပြီးတဲ့အခါ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်စီမံကိန်းတွေ ဘယ်လို ဖြစ်လာနိုင်သလဲ။

ဖြေ။ ။ ကျမတို့ နိုင်ငံဟာ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ နိုင်ငံရေး အကျပ်အတည်း ကြုံတွေ့ရတဲ့ ကာလ လို ကျမက ပြောချင်တယ်။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာက ကာကွယ်ရေးဦးစီးချုပ်က တရုတ်ကို သွားတဲ့ ကိစ္စ ၊ ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်က ဖိတ်လို သွားတာလေ။ အားလုံးလည်း သိတယ်လေ။ ကျမတို့ နိုင်ငံက ကမ္ဘာ့မှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရခေါင်းဆောင်တွေဟာ ဖိအားပေးခြင်း ခံရတယ်။ နိုင်ငံတကာ ဖိအား က အရမ်းကို မြင့်တက်နေတဲ့ အချိန် ၊ ကျမတို့ နိုင်ငံ သမိုင်းတစ်လျှောက်မှာ ဒီတစ်ကြိမ်ဟာ နိုင်ငံတကာ ဖိအား အပြင်းအထန်ဆုံး ရင်ဆိုင်ရတဲ့ အချိန် ပေါ့။

တပ်မတော်လက်ထက် အစိုးရတောင်မှ နိုင်ငံတကာ ဖိအားတွေကို ကျော်ဖြတ်လာခဲ့နိုင်တယ်။ ဒီနေ့ ၊ ဒီ အချိန် မှာတောင် အရပ်ဘက်အုပ်ချုပ်ရေး ဖြစ်နေတဲ့ အတွက်ကြောင့် တစ်ခါ တပ်ဘက်က ကျူးလွန်ထားတဲ့ကိစ္စတွေကိုလည်း ကောင်းကောင်းမွန်မွန် ပြန်လည်ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် အဓိက ကတော့ တပ် ပေါ့ ။ ရခိုင်ကိစ္စမှာ ပြစ်မှု ကျူးလွန်ခဲ့တဲ့ တပ်ကို ဖိအားပေးတာကနေ စပြီး ကျမတို့ နိုင်ငံဟာ နိုင်ငံရေး အကျပ်အတည်း စတင် ရင်ဆိုင်ရတာပဲ။

အစိုးရအနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် မလုပ်နိုင်ခဲ့ဘူးဆိုတော့ အခုဆိုရင် နိုင်ငံတကာ ဖိအားက အရမ်းကို ကျမတို့အပေါ် များလာတယ်။ အထူးသဖြင့် တပ်မတော်ခေါင်းဆောင်တွေကို ICC ကိုတင်မယ် ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး တရုတ်က နိုင်ငံတကာ မျက်နှာစာမှာ ဗီတိုအာဏာ သုံးပြီး ကျမတို့ မြန်မာနိုင်ငံကို အကာအကွယ်ပေးထားတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်က အဲ့လို အကာအကွယ်ပေးထားတဲ့ အချက်အပေါ် အခွင့်ကောင်းယူပြီး ဒါ တရုတ်နိုင်ငံအစိုးရအနေနဲ့ တပ်မတော်ကော ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်ကော နိုင်ငံရေးအရ အမြက်ထုတ်မှုတွေပဲ ကျမက ပြောချင်တယ်။ နိုင်ငံရေးအရ အမြက်ထုတ်မှုတွေ တနေ့တခြား များများလာတယ်လို့ ကျမတို့ မြင်ရတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှလည်း တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက အရင်ကထက် ပိုများလာတယ်။

ကာကွယ်ရေးဦးစီးချုပ် တပ်မတော် ဘက်နဲ့ ပတ်သက်ဆက်နွယ်ပြီး အခုလို ကိစ္စတွေ အများကြီး ပတ်သက်မှုတွေ ပိုများလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ပိုးလမ်းမ စီမံကိန်း ဖိုရမ်ကို ဖိတ်ခေါ်ပြီး ပိုးလမ်းမ စီမံကိန်းကြီးရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ကျမတို့ နိုင်ငံရဲ့ အပေါ်မှာ သက်ရောက်မှုတွေ အများကြီး ရှိလာတယ် ။ ဒါတွေ ကြည့်ရင် ကျမတို့ နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်နေတာကို အခွင့်အရေးယူတယ်။ တစ်ခါ ကျမတို့ နိုင်ငံဟာ နိုင်ငံတကာ ဖိအား ကြုံတွေ့နေရတာကို အခွင့်ကောင်းယူပြီး တရုတ်အစိုးရနှင့် သူရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ တနေ့တခြား အမြက်ထုတ်မှုတွေ များလာတယ်လို ယူဆတယ်။ မြင်လည်း မြင်နေရတယ်။ တွက်ဆ စရာမလိုလောက်အောင် အထင်သားကြီး အရှင်းကြီးမြင်နေရတယ်။

မေး ။ ။ မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးကွန်ရက်ကနေ ဘာတွေ လုပ်ဆောင်နေလဲ။

ဖြေ ။ ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့မှ မဟုတ်ပါဘူး။ ရှေ့အဆက်ဆက်က ပြီးခဲ့တဲ့လက ဒေသခံတွေရဲ့ ဆန္ဒပြမှု တွေ ၊ဒေသခံ သောင်းချီတဲ့ ဆန္ဒပြမှုတွေ ရှိတယ်။ မြစ်တွေကို ထိန်းသိမ်းကာကွယ်တဲ့ သဘာဝ ပတ်ဝန်းကျင် အုပ်စုတွေကလည်း ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆဲဖို့ ၊ မြစ်များ လွတ်လပ်စွာ စီးဆင်းစေဖို့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှုတွေ မျိုးစုံ လုပ်ခဲ့ကြတယ်။

ဒါတွေကို ဘာကြောင့်လုပ်ရတာလဲဆိုတော့ အစိုးရဘက်က မြစ်ဆုံစီမံကိန်းကို ပုံစံတစ်မျိုးနဲ့ ပြန်လည်စတင်လာမှာကို စိုးရိမ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကော ၊ အစိုးရ တာဝန်ရှိသူတွေကော အားလုံးက မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းမယ်လို အခုထိ မပြောနိုင်ပဲနဲ့ ပုံစံတစ်မျိုးနဲ့ စချင်လို လေသံ ပစ်လာတယ်လို့ ကျမတို့ အဲ့လိုမျိုး ခံစားရတယ်။ ဒါကြောင့်မို့ ဘယ်လိုမှ မြန်မာနိုင်ငံအတွက် အကျိုးလုံးဝ မရှိတဲ့ ဧရာဝတီမြစ်ကြီး လုံးဝ ပျက်ဆီးသွားမယ်။ ကျမတို့ နိုင်ငံအတွက် အင်မတန်ကို အန္တရာယ် ကြီးတယ်။

မြန်မာပြည်သားတွေအတွက် အန္တရာယ်ကြီးတဲ့ ဒီစီမံကိန်းတွေ မလုပ်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရှိတဲ့ ဒီဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှ နေထိုင်တဲ့ ဒေသခံပြည်သူ့တွေ ၊ မြန်မာနိုင်ငံ တစ်ဝှမ်းမှ လုံးရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ ဝါရင့် ဂုဏ်သိက္ခာရှိတဲ့ အများသူငါ လေးစားတဲ့ စာရေးဆရာကြီး တွေ ၊ ပညာရှင်တွေ သူတို့တွေ စုပေါင်းပြီး ရန်ကုန်မှာ ပွဲတွေ လုပ်ခဲ့ကြတယ်။

နောက်ဆုံးလုပ်ခဲ့တာက ဧပြီ ၁ ရက်နေ့က ဒီလူတွေစုပြီး ကြေညာချက် တစ်စောင်ထုတ်ပြန်တယ်။ အဲဒီကြညာချက် ဘာလဲဆိုတော့ ဒီမြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်သိမ်းပေးဖို့ ၊ ဧရာဝတီကို ကိုယ်ကြုံတွေ့နေရတဲ့ နိုင်ငံတကာဖိအားကို ရှောင့်ကြည့်ဖို့အတွက် ၊ နိုင်ငံရေးထွက်ပေါက်တစ်ခု အနေနဲ့ မြစ်ဆုံစီမံကိန်းကို အသုံးမပြုသင့်ဘူး ကျမတို့ ပြတ်ပြတ်သားသား အစိုးရကို သတင်းပေးခဲ့တယ်။

ဒီတွေ့ဆုံပွဲကြီးကနေ လူထုလူတန်းစား အားလုံး ပါတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ အလုပ်အဖွဲ့ ၊ ဖွဲ့စည်းနိုင်ခဲ့တယ်။ အကြံပေးအဖွဲ့လည်း ဖွဲ့စည်းနိုင်ခဲ့တယ်။ အလုပ်အဖွဲ့က အခုဆိုရင် အလုပ်အဖွဲ့မှ ပါတဲ့ ကွန်ရက် အချို့ရဲ့ အကူအညီနဲ့ နေရာစုံမှာ ဧရာဝတီမြစ်ဝှမ်း ဒေသတွေမှ ဒီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးဆိုင်ရာ ဟောပြောပွဲတွေ ပြည်သူ့လူထုသိရှိရေးအတွက် လိုအပ်တဲ့ စည်းရုံးလှုံဆော်မှုတွေ အလုပ်အဖွဲ့က ဆောင်ရွက်နေပြီ ဖြစ်တယ်။ အလုပ်အဖွဲ့ ထဲမှာ ပါတဲ့ ကွန်ရက်တွေက တာဝန်ယူဆောင်ရွက် နေပြီ ဖြစ်တယ်။ ရှေ့ဆက်ပြီး အခု ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ခရီးမသွားခင် လုပ်သင့်လုပ်ထိုက်တာ အချို့တွေ ရှိသေးတယ်။ အခု လုပ်ဖို့လည်း အစည်းအဝေး တိုင်ပင်နေတာ ရှိတယ်။

မေး ။ ။ မြစ်ဆုံစီမံကိန်းသာ အစိုးရဘက်က ခွင့်ပြုခဲ့ရင် ဘယ်လို တွေဖြစ်လာနိုင်လဲ။

ဖြေ။ ။ ကျမတို့ နိုင်ငံမှာ ဧရာဝတီမြစ်ကြီးရဲ့ အလှဟာ ဘယ်အရာနဲ့မှ လဲလှယ်လို့မရတဲ့ အလှ တရားကြီးဖြစ်တယ်။ လှပရုံသာမက ဧရာဝတီမြစ်ကြီးမှာ တိုင်းရင်းသားပေါင်းစုံ ရဲ့သမိုင်းတွေ ရှိတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတယ်။ ၁၉၈၈ နောက်ပိုင်း၊ ၁၉၈၈ ကာလ ပတ်ဝန်းကျင်ကာလမှတောင် ဧရာဝတီမြစ်ကြီးဟာ တော်တော်လှပတဲ့ အနေအထားမှာ ရှိတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ ကာလအတွင်း နိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်တဲ့ သူတွေရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အလွဲအမှားတွေ ၊ အမျှော်အမြင်နည်းပါးမှုတွေကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ စီမံကိန်းတွေ အများကြီး ပေါ်လာခဲ့တယ်။ အဲဒီစီမံကိန်းအများစုဟာ တရုတ်နိုင်ငံ နဲ့ ပတ်သက်တဲ့ စီမံကိန်း တွေဖြစ်တယ်။

အဲဒီစီမံကိန်းတွေ ကြည့်လိုက်ရင်ဆိုရင် ကျမတို့ ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်ကို ဒီစီမံကိန်းတွေက ဖော်ဆောင်ခဲ့တယ်ဆိုတာ ရှားမရှား ၊ မရှိသလောက်ကို ရှားပါတယ်။ ဒီတရုတ်နိုင်ငံရဲ့ စီမံကိန်း အများစုသည် ကျမတို့နိုင်ငံရဲ့ သဘာဝ သယံဇာတ ၊ အရင်းအမြစ်တွေ ၊ ရှားပါးဇီဝမျိုးကွဲတွေ အဲ့တာတွေအကုန်လုံးကို တရုတ်နိုင်ငံကို သယ်ဆောင်သွားခဲ့တယ် ဆိုတာကို ပြီးခဲ့တဲ့ နှစ် ၃၀ လုံးလုံး ကျမတို့ သိခဲ့ရတယ်။

ပြီးခဲ့တဲ့ နှစ် ( ၃၀) လုံးလုံး မီဒီယာတွေရဲ့ အခန်းကဏ္ဍဆိုတာကလည်း ရှေ့နှစ် က ဆိုရင် တော်တော်လေး မှေးမိန်တယ်လေ။ ပြီးခဲ့တဲ့ ၅ နှစ် ကာလမှ မီဒီယာတွေက တော်တော်ဖွံ့ဖြိုး လာတယ်ဆိုတော့ ၊ပြီးခဲ့တဲ့ ၁၉၈၈ နောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်အခြေအနေ ပျက်စီးလာ တယ်။

ကျင့်ဝတ်တဲ့ မညီတဲ့ နိုင်ငံရေး စီးပွားရေး လုပ်ငန်းရှင်တွေ ရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှု ( ဘဝ ဆုံးရှုံးမှု ၊ အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ) အဲ့တာတွေကို မီဒီယာတွေမှ ပြည်သူ့လူထုက သိခွင့် မရခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က မီဒီယာတွေရဲ့ အခန်းကဏ္ဍက အားမကောင်းခဲ့ဘူးလေ။ အဲ့တော့ ပြီးခဲ့တဲ့ နှစ် ( ၃၀) အတွင်း အခုလိုမျိုး တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့ သူတွေရဲ့ အလွဲအမှားတွေ ၊ အမျှော်အမြင်နည်းပါးမှုကြောင့် ကျမတို့ ဧရာဝတီမြစ်ကြီးဟာ တော်တော်လေးကို အခြေအနေဆိုးနေပြီ ။ ဒါကို Google Maps ကနေ တွေ့ရမယ့် ဧရာဝတီမြစ်ကြီး မဟုတ်တော့ဘူးလေ။ ဒီနေ့ ဧရာဝတီမြစ်ကို ကျမက သေသေချာချာ သွားပြီး ကြည့်စေချင်ပါတယ်။ နွေအခါ မြစ်ကြောင်းက လုံးဝပျောက်ပြီးတော့ သောင်တွေထွန်းပြီးတော့ အင်မတန်ကို ဧရာဝတီက အကျည်းတန်နေပြီဆိုတာ ပြည်သူတစ်ရပ်လုံးကို သိစေချင်တယ်။

အဲ့ဒီလို ဧရာဝတီမြစ်ကြီး တိမ်ကောပျောက်ပျက်သွားမှာ အပြင် ဒီမြစ်ဆုံစီမံကိန်း တွေလို စီမံကိန်းတွေမှာ အနည်းဆုံး ဆည်စီမံကိန်း ၇ လောက်ဆောက်မယ်။ မြစ်ဆုံဆည် တစ်ခုတည်းဆောက်တာ မဟုတ်ပါဘူး။ ဧရာဝတီမြစ်ဝှမ်းဒေသမှာ ဆည် ၇ ခု ထက်မနည်း ဆောက်မယ်ဆိုတော့ ဧရာဝတီမြစ် ပျောက်ကွယ် သွားမယ် အနေအထားကို ရှိတယ်။ အဲ့ဒီနေရာဟာ ငလျင်ကြော ဒေသတစ်ခု ဖြစ်တယ်လို ပညာရှင်တွေက သေသေချာချာ ပြောပြထားတယ်။ ဒီလိုဒေသမှာ စင်ကာပူနိုင်ငံ ၂ ဆ လောက်ရှိတဲ့ ဆည် ကြီးတွေကို လာဆောက်မယ်ဆိုရင် ကျမတို့ နိုင်ငံ ၊ဒေသခံတွေဟာ လုံးဝ အမျိုးပျောက်သွားမယ် စီမံကိန်းတွေ ဖြစ်တယ်။

ဒေသခံတွေ လုံးဝ အဲ့ဒီနေရာမှ ပျောက်သွားမယ် ။ အဲဒီနေရာမှာ တရုတ်အင်အားစုတွေပဲ ရှိလာမယ်။ ပြီးတော့ ကျင့်ဝတ်နဲ့ မလျော်ညီစွာ ကျမတို့ သယံဇာတ တွေကို ထုတ်မယ်။ ပြီးတော့ မြစ်ကြီးနား ၊ ပူတာအိုဒေသဆိုတာက ကမ္ဘာ့ပေါ်မှာ ရှားပါးမျိုးစေ့ တွေအများကြီး ရှိတဲ့ တစ်ခုတည်းသော လက်ကျန်ဒေသဖြစ်တယ်။ အဲ့လို နေရာလေးဟာ ကျမတို့ နိုင်ငံ အတွက် အရမ်းကို တန်ဖိုးရှိတယ်။

ဒီလိုနေရာတွေက နိုင်ငံခြားသား လက်ထဲသို့ ပါသွားလို့ မရတဲ့ ကိစ္စဖြစ်တယ်။ ထိန်းသိမ်း ထားရမယ်။ နိုင်ငံရဲ့ တစ်ကယ်တန်ဖိုးမဖြစ်နိုင်တဲ့ ရတနာအနေနဲ့ ထိန်းသိမ်းထားရမယ့် နေရာလည်း ဖြစ်တယ်။ အဲ့လိုမျိုးကို ကျမတို့က နိုင်ငံခြားသားလက်ထဲကို အပ်လိုက်မယ်ဆိုရင် ကျမတို့ အစိုးရလောက် အမျှော်အမှန်မရှိတဲ့ အစိုးရ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျမတို့ အခုအစိုးရဟာ ပြည်သူ့လူထုက တခဲနက် တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တယ်။ ပြည်သူ့လူထုရဲ့ အသည်းနှလုံးလည်း ဖြစ်တဲ့ ဒီဧရာဝတီနဲ့ သဘာဝ အလှတရားတွေကို တစ်ကယ်ပြည်သူ့ အစိုးရအနေနဲ့ လက်လျူမရှုသင့်ဘူး။

ငါတစ်ကော ကောပြီးတော့ မဆုံးဖြတ်သင့်ဘူးလို ကျမတို့က သုံးသပ်တယ်။ ပြည်သူ့လူထုဟာ ဝမ်းရေးအတွက် ကြိုးစားနေတာ။ ဒီနေ့ခေတ်က အရမ်းကို ကျပ်တည်းတယ်။ ပြောချင်တာက ပြည်သူ့လူထုက မိမိ တို့ရဲ့ ဘဝရပ်တည်ရေး အတွက် အရမ်းကို ကြိုးစားအားထုတ်နေရတဲ့ အခြေအနေမျိုးမှာ မြစ်ဆုံစီမံကိန်းလို ၊ ရန်ကုန်မြို့သစ်စီမံကိန်းတွေလို ကိစ္စတွေကို အစိုးရလို အာခံပြီး ဆန့်ကျင်နိုင်တဲ့ အင်အား ပြည်သူ့ဆီမှာ လက်တွေ့ မရှိဘူး။

နိုင်ငံရေးအရ နိုးကြား တက်ကြွတဲ့သူတွေ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့သူတွေ ၊ တက်ကြွတဲ့ မီဒီယာတွေ နိုင်ငံအရေးကို ရှေ့နောက်မျှော်ရင် စဉ်းစားတက်တဲ့သူတွေပေါ့ ။ အဲဒီလို လူကွက်ကွက်လေးကပဲ ဒီရန်ကုန်မြို့သစ်စီမံကိန်း ၊ မြစ်ဆုံ စီမံကိန်း တွေကို ပြောနေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ အများက ယူဆနိုင်တယ်။ လူနည်းစုက ဒီစီမံကိန်းတွေကို ကန့်ကွက်နေတာ ။ တချို့ ကပြောကောင်းပြောနိုင်တယ်။ အဲဒီတော့ နိုင်ငံတကာကို ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတိုင်းရဲ့ ပြောင်းလဲနိုင်တဲ့ ၊ နိုင်ငံတိုင်းက ဒီမိုကရေစီ အသွင်ကူးပြောင်းလိုက်တဲ့အခါ စဉ်းစားချင့်ချိန်နိုင်တဲ့ လူနည်းစုကပဲ အဲ့နိုင်ငံကို လမ်းမှန် ရောက်အောင် ခေါ်သွားနိုင်ခဲ့တယ် ဆိုတာ ကမ္ဘာ့သမိုင်းက သက်သေပြပြီးသားဖြစ်တယ်။

ဒါကြောင့်မို့ ဒီစီမံကိန်းတွေကို ဆန့်ကျင်တယ်ဆိုတာ လူနည်းစုဖြစ်တယ်ဆိုတဲ့ ဆင်ခြေ တစ်ခုအတွက်လေးနဲ့ ဧရာဝတီမြစ်ကို ရောင်းမစားစေချင်ဘူး။ ကျမတို့ နိုင်ငံက ဆင်းရဲပါတယ်။ မွဲတေပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကို ရောင်းစားပြီးမှ အသက် ချမ်းသာရမယ်ဆိုရင်တော့ မြန်မာပြည်သူ့လူထုအများစုက အသက်ကိုပဲ အသေခံလိုက်ကြမယ် သဘော ရှိပါတယ်။ ဧရာဝတီကိုတော့ ဘယ်သူမှ ရောင်းမစားချင်ကြဘူး။ ဒါကြောင့်မို့ ဧရာဝတီဆိုတာ မိဘဧရာဝတီကြီး ၊ အဓွန့်ရှည်တန့်ဖို့ ပြည်သူ့တစ်ရပ်လုံးက လိုလားပါတယ်။ ဆန္ဒပြတာတွေ နည်းတာ ၊ ပြောတဲ့ ဆိုတာနည်းတာနဲ့ ဒီနည်းတယ် ဆိုတဲ့ အချက်ကို ထောက်ပြီး တစ်ကယ်မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဖြစ်တဲ့ ဧရာဝတီကို ရောင်းမစားဖို့ တပ်မတော်ကော၊ဒေါ်အောင်ဆန်းစုကြည်ကော ပန်ကြားလိုပါတယ်။

ဒီနေရာမှ ကျမက တရုတ်အစိုးရကို ပြတ်ပြတ်သားသား ပြောချင်တယ်။ တရုတ်နိုင်ငံက အိမ်နီးချင်း နိုင်ငံကောင်း ပီသသင့်တယ်။ ကျမတို့ နိုင်ငံမှာ အခက်အခဲ ကြုံတွေ့တဲ့အခါ တကယ်ကို ညီအစ်ကို စိတ်ထားတဲ့ ပေါက်ဖော်စိတ် ထားတယ်ဆိုရင် ကျမတို့ အခက်အခဲကြုံတွေ့တဲ့အခါ သူက သန့်သန့်ရှင်းရှင်းနဲ့ ကူညီသင့်တယ်။

အခုလိုမျိုး အခက်တွေ့တဲ့အခါ မြန်မာအခက် ၊ တရုတ်အချက် ဆိုတဲ့ မူဝါဒကို မကျင့်သုံးသင့်ဘူး။ အမြတ်မထုတ်သင့်ဘူး။ နိုင်ငံရေးအရ အမြတ်မထုတ်သင့်ဘူး ၊ စီးပွားရေးအရ အမြတ် မထုတ်သင့်ဘူး။ အိမ်နီးချင်းကောင်း ပီသမယ်ဆိုရင်ပေ့ါ.။ တရုတ်နိုင်ငံနဲ့ ကျမတို့ဟာ တစ်ကယ်ကိုးပဲ အစစအရာရာ မယှဉ်နိုင်လောက်အောင် အင်အားချင်း နည်းပါတယ်။ ဒါပေမဲ့ အဲ့လို အင်အားချင်းနည်းတာ တစ်ခုတည်းနဲ့ ကျမတို့ နိုင်ငံထဲ ဝင်ပြီးတော့ ထင်ရာ စိုင်းခွင့်တော့ ကျမတို့က မပေးနိုင်ပါဘူး။

အဲ့တော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြပါစေလို ကျမက မျှော်လည်း မျှော်လင့်တယ်။ သတိလည်း ပေးလိုတယ်။တရုတ်နဲ့ မြန်မာနိုင်ငံအကြားမှာ အိမ်နီးချင်းဆိုတာ ဘယ်လို့မှ ရှောင့်လွဲလို မရဘူး။ အမြဲအစဉ်တစိုက် ဆက်ဆံနေရမှာ ဖြစ်တာအတွက်ကြောင့်မို့ နှစ်နိုင်ငံကြားမှ သိက္ခာရှိတဲ့ ဆက်ဆံရေးကို ဖြစ်ထွန်းစေချင်တယ်။ အောင်မြင်စေချင်တယ်။ တရုတ်နိုင်ငံဟာ ကျမတို့ နိုင်ငံထက် အင်အားကြီးတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ အင်အားကြီးတဲ့ နိုင်ငံတွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်သိက္ခာတွေကို လိုက်နာပေးပါလို ကျမက တရုတ်အစိုးရကို မေတ္တာရပ်ခံချင်ပါတယ်။

ဓာတ်ပုံ- ဧရာဝတီ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com