interview Peace political news

“အင်အားနဲ့သုံးတာမျိုး မိုက်ကြေးခွဲပြီးတော့မှ စင်ပေါ်ကို မတက်ရဘူး တားတာမျိုးက ဒီမိုကရေစီ ကျင့်စဉ်မဟုတ်တော့ဘူး”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော တောင်ဥက္ကလာ ဖွဲ့စည်းပုံပြင်ရေး ဆန္ဒပြပွဲတွင် ဟောပြောခဲ့သူ ဦးမြအေးနှင့်ဆက်သွယ်မေးမြန်းချက်

ဧပြီ ၇ ရက်နေ့ တောင်ဥက္ကလာတွင် ဖွဲ့စည်းပုံ အခြေခံဥပပြင်ဆင်ရေးနှင့် မပြင်ဆင်ရေး အယူအဆ မတူညီသော အုပ်စုနှစ်ခုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက နှစ်ဖက်အုပ်စုကို လာရောက် တားဆီး ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲတွင် ဟောပြောခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့က တောင်ဥက္ကလာ အခြေခံဥပဒေ ထောက်ခံပွဲမှာ ဦးမြအေးကိုယ်တိုင် ဟောပြောသူ အဖြစ် ပါဝင်ခဲ့တယ်။ အဲဒီမှာ ဆန့်ကျင်သူတွေလည်းရှိနေတော့ ကြုံတွေ့ရ တဲ့အခြေအနေလေး ပြန်ပြောပြပါလား။

ဖြေ။ ။ ဒီလိုဗျ။ ကျနော်ကတော့ ရောက်သွားတဲ့အချိန်မှာ ကျနော်က စင်မှာ နေတာဆိုတော့ ဟိုဘက်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကိုတော့ သေချာမသိဘူး။ အဓိကကတော့ ကျနော်မြင် တာက အဲဒါက ဒီဟာတွေက နိုင်ငံရေးပယောဂတွေ မကင်းတဲ့ ပြဿနာတွေ ဖြစ်လာတာလေ။ ဒီဟာတွေက။ ရိုးရိုးသားသား နိုင်ငံရေး လုပ်ဖို့ ကိုင်ဖို့ ဆောင်ရွက်ဖို့ထက် နောက်ကွယ် အကြောင်းတရားတွေနဲ့ အငွေ့အသက်မကင်းတဲ့ ပယောဂတွေလို့ ကျနော်က မြင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း ပြောမယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စဆိုတာက အကုန်လုံး စဉ်းစားမယ်။ နိုင်ငံရေးအခြေအနေကို စေ့စေ့ပေါက်ပေါက်ကြည့်မယ် ဆိုရင် ကျနော်တို့မှ ပြောတာမဟုတ်ဘူး၊ တပ်မတော်အပါအဝင် အားလုံးကလည်း ဖွဲ့စည်းပုံ ပြင်ဖို့ လိုတယ်ဆိုတာကို အကုန်လုံးသိနေကြတာပဲလေ။ ပြင်တဲ့အခါမှာ လမ်းကြောင်းမတူတာပဲ ရှိတာကိုး။ နောက်တစ်ခုက ပြင်ချင်တဲ့ အတိုင်းအတာ မတူညီကြတာလေ။

တကယ်တမ်း ကျတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပဲ ချိန်ဆကြည့် ကျနော်တို့ ဘယ်လိုမှ ဒီဖွဲ့စည်းပုံနဲ့ သွားပြီး ငြိမ်းချမ်းရေးတည်ဆောက်လို့မရနိုင်ဘူး။ အဲဒါကြောင့် ကျနော်တို့က ပြင်ချင်တာ။ ပြဿနာက ဘာဖြစ်လဲဆိုတဲ့အခါကျတော့ ပြင်တဲ့အခါမှာ အတိုင်းအဆမတူတဲ့ သဘောထားကွဲလွဲမှု ရှိတယ်။ ပြင်ချင်တာနဲ့ ဘာမှန်းညာမှန်း မသိဘဲ ဖွဲ့စည်းပုံ သူများပြောတိုင်း လိုက်ပြီး မပြင်ဘူးဆိုတဲ့ သူတွေရှိတယ်။ နိုင်ငံရေးလိုအပ်ချက်အရတော့ သေချာတယ်။ ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးပဲ။ ဒါရှင်းတယ်။

ဒါအကုန်လုံးလည်း မြင်တယ်။ ဒီနေရာမှာ ဘာဖြစ်လဲဆိုတော့ အယူအဆမတူညီမှုနဲ့ ပြောတဲ့အခါမှာ တရားတက်ဟောတဲ့ သူက ဥပဒေကြောင်းပြင်ပ ဟောမိရင် ဥပဒေအရ ကိုယ့်ကို တရားစွဲမှာပဲ။ ကိုနေမျိုးဇင်ဆိုရင် အမှုရင်ဆိုင်ရမယ်။ မှားတာ မှန်တာ တရားရုံးက ဆုံးဖြတ်၊ အဲဒီဟာကြီးကို သွားပြီးတော့ ကျန်တဲ့သူတွေအနေနဲ့က ဘာဖြစ်တယ်၊ ညာဖြစ်တယ်တို့ အင်အားနဲ့သုံးတာမျိုး မိုက်ကြေးခွဲပြီးတော့မှ စင်ပေါ်ကို မတက်ရဘူး တားတာမျိုးက ဒီမိုကရေစီကျင့်စဉ်မဟုတ်တော့ဘူး။ ဒါက တရားဝင် အဆင့်ဆင့် အစိုးရဆီမှာ ပါမစ်တင်ပြီးတော့မှ ခွင့်ပြုချက်တောင်းထားတဲ့ပွဲဖြစ်တယ်။ ကျနော်မြင်တာက ကျနော်တို့ ဘာဖြစ်လဲဆိုတော့ အယူအဆ မတူညီမှုကြောင့် ရန်ဘက်မဟုတ်ဘူး။ အဲဒီလိုတော့ နားလည်ရမယ်။ နိုင်ငံရေးမှာ ပေါ်ပြူလာဖြစ်ရင်ပြီးရော ဆိုပြီး ဟော့ရှော့ လုပ်တာမျိုးက နိုင်ငံရေးမှမဟုတ်တာ။ သူရဲကောင်းတွေလည်း မဖြစ်နိုင်ဘူး။ မနေ့က ကိစ္စ ဆိုရင် အကယ်၍ များ တစ်ဖက်နဲ့ တစ်ဖက်က ပဋိပက္ခတွေဖြစ်ကြရင် ဒါ Riot ပုံစံဖြစ်သွားမှာလေ။ အဲဒါ ကောင်းတဲ့ အလားသဏ္ဍန်မှမဟုတ်တာ။ အဲဒါကို တရားဝင်နှောင့်ယှက်တာမျိုး၊ အစိုးရ ခွင့်ပြုထားတာကို တရားဝင်နှောင့်ယှက်တာမျိုး လုပ်တဲ့ကိစ္စ ကတော့ အဓိပ္ဗာယ်မရှိဘူးလို့ မြင်တယ်။ နောက်တစ်ခုက အစိုးရက ဥပဒေနဲ့အညီ တင်ပြပြီး ခွင့်ပြုပြီးရင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော်တို့က ဒီလိုဖြစ်နေလို့ ခင်ဗျားတို့ ဒီလိုလုပ်ပါဆိုပြီး ကြားဝင် စေ့စပ်ညှိနှိုင်းပေးစရာ အကြောင်းမရှိဘူး။ ကျနော်နားလည်တယ်လေ။ လူတစ်ယောက်ရပိုင်ခွင့်၊ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်ကို အကာအကွယ်ပေးရမှာဖြစ်တယ်။ အဲဒါပါပဲ။

မေး။ ။ မနေ့က ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကောင်းပါတယ်။ မနေ့က သေသေချာချာလည်း တားပေးပါတယ်။ ဥပဒေနဲ့အညီ တင်ထားတဲ့ဟာကိုလည်း အကာအကွယ်ပေးသွားတယ်။ ကျနော်တော့ အဲဒီလိုပဲမြင်တယ်။ ကောင်းပါတယ်။

မေး။ ။ ဒီလိုမျိုး နှောင့်ယှက်တာ က ရုန်းရင်းဆန်ခတ်ပုံစံလုပ်ကြတာလည်း မြင်ရတော့ နှစ်ဖက်ကြားမှာ ဘယ်လို ဖြစ်နိုင်လဲ။

ဖြေ။ ။ အခြေခံဥပဒေ ပြင်ဆင်ချင်တဲ့သူတွေက ငြိမ်းချမ်းစွာပဲ အကြမ်းမဖက်တဲ့ မူ နဲ့ သွားရမှာပဲ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်စကားက ရှင်းပါတယ်။ မနေ့ကလည်း ကျနော် ထည့်ပြောပါတယ်။ ဥပဒေအတွင်းကပဲ Legal အနေနဲ့ပဲ သွားမှာဖြစ်ပါတယ်။ ရန်မူလာရင် ကာကွယ်ပေးရမှာမျိုးကတော့ အာဏာပိုင်တွေရဲ့ ကိစ္စဖြစ်သွားပြီ။ ကျနော်ပြောချင်တာက စည်းတွေ ဥပဒေတွေ ဘောင်တွေရှိပြီးသား တရားဥပဒေစိုးမိုးရေး ဘက်ကကြည့်ရင် စင်ပေါ်တက်ဟောတဲ့သူကလည်း အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ ဟောတယ်။ ဒါမှမဟုတ်လို့ရှိရင် တစ်ခုခုနဲ့ ငြိစွန်းနိုင်တာ ဟောတယ်ဆိုရင် ဟောပြီးတာနဲ့ ဥပဒေအရ အရေးယူလို့ရတယ်။ တရားစွဲလို့ရတယ်။ အပြစ်ပေးလို့ရတယ်။ ဒါနိုင်ငံတော်က လုပ်ရမယ့်ကိစ္စ။ အာဏာပိုင်တွေက လုပ်ရမယ့်ကိစ္စ။ သက်ဆိုင်တဲ့သူတွေက မကျေနပ်ရင် တရားရုံးနဲ့သွားရမှာလေ။ တရားရုံးအဆုံးအဖြတ်ခံယူရမှာ။ ခုနကလို အင်နဲ့အားနဲ့ ဝိုင်းပြီးတော့ ရန်မူတဲ့ပုံစံ မင်းမဲ့စရိုက်ပုံစံမျိုးကတော့ ကျနော်တို့ တိုင်းပြည်မှာ လက်ခံလို့မရဘူး။ အဲဒါကို အစဉ်အလာ ဖြစ်ထားလိုက်မယ်ဆိုရင် ဘာပဲလုပ်လုပ် အုပ်စုဖွဲ့ပြီးတော့ မင်းမဲ့စရိုက်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုက ကျနော်တို့ ဓလေ့ဖြစ်သွားလိမ့်မယ်။ တကယ်တမ်းကျတော့ ကျနော်တို့နိုင်ငံမှာ အဲဒါမျိုး မရှိဘူး။ မလုပ်လည်း မလုပ်ရဘူးလို့မြင်တယ်။

မေး။ ။ အဲဒီတော့ ဒီလိုမျိုး လုပ်တဲ့ ပုံစံက ပဋိပက္ခဖြစ်အောင် တမင်ရန်စနေတာလား။

ဖြေ။ ။ ဟုတ်တယ်။ ကျနော်မြင်တာက ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဘာသာရေး အကာအကွယ်ယူပြီး လုပ်နေတဲ့ သဘောပဲ။ တော်တော်ပြသနာရှိပါတယ်။ ဒါတွေက တစ်ဖက်နဲ့တစ်ဖက်လည်း ဒီကြားထဲမှာ မသိမနားလည်ဘဲ မှိုင်းမိတဲ့လူတွေ လည်းပါနိုင်ပါတယ်။ အဲဒီဟာက ဘယ်ဘက်ကပဲ လုပ်လုပ် လုပ်လည်း မလုပ်သင့်ဘူးလို့မြင်တယ်။ အယူအဆကွဲလွဲမှုတွေကို စေ့စပ်မယ်၊ ဆွေးနွေးမယ်၊ ငြင်းခုန်မယ်။ ကျနော်တို့ တစ်ဦးနဲ့ တစ်ဦး ရန်ဘက်တွေ မဖြစ်သင့်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ရိုက်ကြနှက်ကြ မဖြစ်သင့်ဘူး။ နောက်ပိုင်း အစဉ်အလာ ဖြစ်သွားပြီးတော့ အယူအဆ မတူရင် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး တစ်ဖက်နဲ့ တစ်ဖက်ရိုက်ကြ နှက်ကြ ဖြစ်ရင် မကောင်းဘူးလေ။ ဒါက ဒီမိုကရေစီကျင့်စဉ်နဲ့ ပြောင်းပြန်ဖြစ်နေတယ်လေ။ ဆိုတော့ အဲဒါမျိုး မဖြစ်သင့်ဘူး။

မေး။ ။ ဒီလိုဖြစ်စဉ်ကို ဖန်တီးနေတဲ့သူမှာ နောက်ကွယ်က အင်အားကြီးတဲ့ အုပ်စုရှိလား။

ဖြေ။ ။ အဲဒါကတော့ ခန့်မှန်းရခက်တယ်။ တကယ်တမ်းပြောမယ်ဆိုရင် ဆန့်ကျင်တဲ့အုပ်စု ကလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးကြမယ်။ ညှိနှိုင်းကြမယ်။ ကျနော်ပြောချင်တာက။ အဲဒီလိုပဲ Public မှာလည်း ဆွေးနွေးကြမယ်။ ညှိနှိုင်းကြမယ်။ မတူညီမှုတွေလည်းရှိကြမှာပဲလေ။ ဒီမတူညီမှုတွေကနေ ပြည်သူတွေ အချင်းချင်းကြားမှာ နိုင်ငံရေး အရပဲဖြစ်ဖြစ် လူမျိုးရေးအရ ပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် သွေးကွဲစေတဲ့ ဖြစ်ရပ်မျိုးပေါ်ပေါက်တာမျိုး မဖြစ်သင့်ဘူး။ ဘယ်လိုမှကို တပြေးညီ တူတယ်ဆိုတာ ဘယ်နိုင်ငံမှာမှ ဘယ်စနစ်မှာမှ မရှိဘူးလေ။

ဆိုတော့ မတူညီမှုတွေကြားထဲက ငြင်းရင်း ခုန်ရင်းနဲ့ပဲ သွားရမှာလေ။ ငြင်းရင်း ခုန်ရင်းမှာပဲ သတ်ဖြတ်ကြဆိုတာက အဓိပ္ဗာယ်မရှိဘူး။ ပြဿနာက နိုင်ငံရေးဆိုတာ အရမ်းအပါးဝတဲ့သူ တွေကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးက သိပ်ရှုပ်ထွေးတယ်။ ကျယ်လည်း ကျယ်ပြန့်ပါတယ်။ တကယ့် နိုင်ငံရေးအပါးဝတဲ့သူတွေက သူတို့ စကားတစ်ခွန်းက အောက်ကို သက်ရောက်မှု အများကြီးရှိတယ်။ ဆိုတော့ သူတို့ရဲ့ လုပ်ရပ်လေး တစ်ခုက အောက်မှာ သက်ရောက်မှု အရမ်းကြီးတယ်။ ကြီးတဲ့အခါကျတော့ အောက်မှာ ဘုမသိ ဘမသိနဲ့ ပါတာတွေ လည်းရှိနိုင်တာပဲလေ။ ကျနော်မြင်တာကတော့ အားလုံးက ဆင်ခြင်တုံတရားနဲ့ပဲ ဆင်ခြင်သင့်တယ်။ ထိန်းသိမ်းသင့်တယ်။ တကယ့် တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးကို လိုလားတယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ရန်တွေဖြစ်လို့မရဘူးလို့ပဲမြင်တယ်။ အဲဒီအတိုင်းပဲ သုံးသပ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com