All News

အဂတိကော်မရှင်ထံ တိုင်ခံထားရသော ဟိုတယ်/ခရီးအမြဲတန်းအတွင်းဝန် ဦးရည်မွန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု ကော်မရှင်ထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထံတိုင်ကြားခံထားရသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ဦးရည်မွန်ကိစ္စကို စစ်ဆေးရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်ညှိစွန်းကြောင်း ခိုင်လုံသည့်အထောက်အထားမတွေ့ရဟု ကော်မရှင်က ထုတ်ပြန်လိုက်သည်။

ဟိုတယ်/ခရီးအမြဲတန်းအတွင်းဝန်ဦးရည်မွန်ကို ဦးဌေးအောင်က ကော်မရှင်ထံသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကော်မရှင်မှစစ်ဆေးရာ

(က) ဦးရည်မွန်သည် တင်သွင်းခွင့်လိုင်စင်မရှိသော မော်တော်ယာဉ်အား အသွင်သဏ္ဍာန်ပြောင်း၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန(ရုံးချုပ်)သို့ လျှောက်ထားခဲ့ရာ ယင်းဌာနမှအခြားဌာနဆိုင်ရာ ယာဉ်(၁၆)စီးနှင့်အတူ ခွင့်ပြုခဲ့သဖြင့် ဒဏ်ကြေးငွေ ပေးဆောင်၍ မှတ်ပုံတင်ပြီး ဌာနပိုင်မော်တော်ယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသော်လည်း ဦးဌေးအောင်ထံမှ ငွေကျပ်သိန်း(၁၀၀)ရယူကြောင်း၊ ထိုငွေထဲမှ ငွေကျပ်သိန်း(၆၀)ဖြင့် အဆိုပါယာဉ်အား ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ခိုင်လုံသောအထောက်အထား ပြသနိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ကော်မရှင်က ဆိုသည်။

(ခ) ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ USD(၁)သိန်းလက်ခံရယူ၍ နေပြည်တော်ကမ္ဘောဇဘဏ်ခွဲ(၃)တွင် ဘဏ်စာရင်းဖွင့်လှစ်၍ သုံးစွဲကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ယင်းသို့ ဘဏ်စာရင်းဖွင့်လှစ်သည့် ငွေမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် ယာယီအပ်နှံသည့် ငွေဖြစ်ခြင်း၊ အပ်နှံငွေမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ပိုင် ငွေဖြစ်ခြင်း၊ အဆိုပါ အပ်နှံငွေကို ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စအတွက်သာ သုံးစွဲခဲ့ခြင်း၊ ယင်းကိစ္စအတွက် အခွင့်အရေးတစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း၊(ဂ) တိုင်ကြားစာတွင် မပါဝင်သော်လည်း စုံစမ်းစစ်ဆေးစဉ် ထပ်မံတိုင်ကြားမှုအရ စထရင်း ဟိုတယ်နှင့် သမ္မတဟိုတယ်တို့အား အဆင့်မြှင့်တင်ပြုပြင်မွမ်းမံခြင်း၊ အင်လျားလိတ် ဟိုတယ်ဝန်းအတွင်း Convention
Centre ဆောက်လုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟောင်ကောင်အခြေစိုက် Strand Hotel International Limited တို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၅.၅.၁၉၉၀ ရက်စွဲပါ ခွင့်ပြုမိန့် ဖြင့် Myanmar Hotel International Limited ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး ပဋိညာဉ် စာချုပ် ချုပ်ဆို၍ ၎င်းပဋိညာဉ်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အထက်ပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

အထက်ပါ စစ်ဆေးတွေ့ရှိချက်များအပေါ် ၂၃.၈.၂၀၁၈ ရက်နေ့တွင် ကျင်းပသော ကော်မရှင် အစည်းအဝေး၌ မူဝါဒနှင့်အညီ အလေးအနက်ထား စဉ်းစားဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အပြည့် အစုံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ သုံးပုံနှစ်ပုံအထက် သာလွန်သောမဲဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းကြောင်း ခိုင်လုံသောအထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည့်အတွက် အရေးယူမှုမပြုခဲ့ခြင်းသာဖြစ်ကြောင်း ကော်မရှင်က ထက်လောင်းဆိုသည်။

၎င်းဆုံးဖြတ်ချက်သည် အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ လည်း တိုင်ကြားသူအားကော်မရှင်အဖွဲ့ဝင်များမှ ကိုယ်တိုင်ကိုယ်ကျရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Credit : သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com