All News Peace

သြင်္ကန်အကြိုနေ့ မြောက်ဦးတွင် တပ်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၂ ဦးမှာ အရပ်သားများမဟုတ်ဘဲ AA အဖွဲ့ဝင်များဖြစ်နေဟု အစိုးရစစ်တပ်ကသတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ – ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သြင်္ကန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့က ပစ်ခတ်မှုကြောင့် သဆေုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးမှာ အရပ်သားများမဟုတ်ဘဲ AAအဖွဲ့ဝင်များဖြစ်ကြောင်း တပ်မတော်က ဧပြီလ ၁၄ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဘောင်းဒုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း (၄၈နှစ်)(ဘ) ဦးမောင်ကျော်ထွန်းဆိုသူက တပ်မှ ပစ်ခတ်သဖြင့် ၎င်းရပ်ကွက်ရှိ အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိဟု ယနေ့ နံနက် ၂ နာရီခန့်တွင် အဆိုပါကျေးရွာ နယ်မြေခံတပ်မှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ် သတင်းပို့တိုင်ကြားခဲ့ကြောင်း၊ ဖြစ်စဉ်ကို စိစစ်ရာတွင် ဘောင်းဒုတ်ကျေးရွာနယ်မြေခံတပ်၌ နယ်မြေခံတပ်ရှိ လူနေထိုင်ခြင်းမရှိသည့် အိမ်ထောင်သည်လိုင်းခန်းဘက်၌ ဧပြီ ၁၃ ရက် ည ၁၀ နာရီ ခန့်တွင် မသင်္ကာဖွယ်လှုပ်ရှားမှုများတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ကင်းတာဝန်ကျသူက လက်နက်ငယ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့သည်။ ထို့နောက် ၎င်းအိမ်ထောင်သည် လိုင်း၏ အနောက်ဘက်ဓနိတောများဘက်၌လည်း လူတိုးသံများ ထပ်မံကြားခဲ့ရသဖြင့် လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့်ထပ်မံပစ်ခတ်ခဲ့ကြောင်း တပ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ဧပြီ ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် အထက်ပါအိမ်ထောင်သည်လိုင်း ခန်းများနှင့် ဆန့်ကျင် ဘက်ဖြစ်သည့် ဘောင်းဒုတ်ကျေးရွာအတွင်းမှ သေနတ်သံ ၆ ချက်ခန့်ကြားခဲ့ရသဖြင့် တပ်ဌာနချုပ်၌ တပ်အသင့်နေရာယူမှုများပြုလုပ်လျက်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ ခန့်အကြာ အဆိုပါရပ်ကွက် ရှိ အုပ်ချုပ်ရေးမှူးက တပ်က ပစ်ခတ်သဖြင့် ရပ်ကွက်နေအမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိလျက်ရှိကြောင်း ဖုန်းဖြင့် သတင်းပေးပို့တိုင်ကြားလာခဲ့သဖြင့် တာဝန်ရှိသူ များက လိုအပ်သည့် စစ်ဆေးမှုများအသေးစိတ်ဆောင်ရွက်ခဲ့ရကြောင်း၊ စစ်ဆေးချက်များအရ သေဆုံးသူမှာ ဘောင်းဒုတ်ကျေးရွာနေ ဦးမောင်ကျော်စိန် (၆၂နှစ်)ဖြစ်ပြီး လက္ကာ ကျေးရွာနေ ကျော်သိန်း(၆၁နှစ်) ဒဏ်ရာရရှိခဲ့သဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးဆိုသူမှာလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျော်သိန်းအား ခွဲစိတ်ကုသမှုများဆောင်ရွက်ပြီးစီး ပါက စစ်ဆေးမေးမြန်းမှု များဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

ရခိုင်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အလားတူ မြောက်ဦးမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရန်ကုန်ခေတ်သစ်က ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသော ဦးကျော်သိန်း ကိုမြောက်ဦးမြို့နယ် ဆေးရုံတွင် တွေ့ရစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com