All News Local News Peace

သမက်က သူပုန်၊ ယောက္ခခမက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သော်လည်း ချိတ်ဆက်ဆောင်ရွက်မှု မရှိဟု AA စစ်ဦးချုပ်ပြောဆို

ရန်ကုန်၊ ဧပြီ ၁၉

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ရခိုင်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်တို့သည် သမက်နှင့် ယောက္ခမ တော်စပ်ပြီး သမက်က သူပုန်၊ လွှတ်တော်ဥက္ကဋ္ဌ က ယောက္ခမဖြစ်သော်လည်း ချိတ်ဆက်ဆောင်ရွက်မှုမရှိကြောင်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

ဧပြီလ ၁၇ ရက်နေ့ ၊ ပန်ဆန်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက သတင်းထောက်တစ်ဦးမေးမြန်းမှုကို အထက်ပါအတိုင်းပြန်လည်ပြောဆိုခြင်းဖြစ်သည်။

“အဲဒီကိစ္စ တွေနဲ့ပတ်သက်ပြီးမှ အများလည်းပြောကြပါတယ်။ သူပုန်က သမက်ဖြစ်တယ်၊ လွှတ်တော်ဥက္ကဋ္ဌက ယောက္ခမဖြစ်တယ်ဆိုတဲ့ ကိစ္စတွေပေါ့။ ကျနော်တို့ က ကိုယ်ယုံကြည်ရာနဲ့ ကိုယ် လုပ်ကြတာပါပဲ။ သူလည်း သူယုံကြည်တဲ့ သူ့ရပ်တည်ချက်ပဲဖြစ်တယ်။ ဒါကတော့ ပုံမှန် လုပ်ငန်း ဆက်စပ်မှုမရှိပါဘူး။ တချို့ဆိုရင်တော့ အရင်တုန်းကတော့ ကျူရှင်တွေ ဘာတွေ တက်ဖူးတဲ့ ဆရာတွေရှိတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒီဟာကို ဆက်စပ်ပြီးတော့ သူများထင်သလို ချိတ်ဆက်လုပ်တဲ့ဟာမျိုး ကျနော်တို့ မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။

AA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒကို မကျေနပ်၍ တော်လှန်တိုက်ပွဲဝင်နေခြင်းဖြစ်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် အလုပ်လုပ်နေသော သူများနှင့် ခရီးတစ်ဝက်တွင်သာ ဆုံနိုင်ကြောင်း ၎င်းက ဆိုသည်။

“သူတို့က ၂၀၀၈ အခြေခံဥပဒေအောက်က သူတို့ လုပ်နိုင်သလောက် လက်လှမ်းမီ လုပ်တာဖြစ်တယ်။ ကျနော်တို့ကတော့ ၂၀၀၈ အခြေခံဥပဒေက ပေးတဲ့ဟာကို မကျေနပ်လို့ လက်နက်ကိုင်ပြီးတော့မှ တော်လှန်တဲ့ အုပ်စုတွေဆိုတော့ ကျနော်တို့နဲ့ ဆုံရင်လည်း ခရီးတစ်ဝက်ပဲဆုံမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်တို့သည် သမက်၊ ယောက္ခမ တော်စပ်မှု ရှိသော်လည်း ဆက်စပ်မှု မရှိသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

” ဥက္ကဋ္ဌ ရဲ့ တစ်ဦးတည်းသော သမီးကို ယူထားတာပေါ့။ ဆက်စပ်မှု မရှိတာက မှန်တယ်လေ။ ဒီဘက်က အစိုးရ ထောက်လှမ်းရေးတွေဆိုတာလည်း သိပ်ကောင်းတယ်လေ။ ဆက်စပ်မှု ရှိရင် ဘယ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်မလဲ။ အရင် AA တို့ ဘာတို့ မပေါ်ခင်ကတည်းက တော်စပ်နေတာလေ။ သူ့ခံယူချက်နဲ့ သူတွေပဲ။ ဒါမျိုးကလည်း ဘယ်နိုင်ငံမှာမှ မရှိဘူးနော်” ဟု ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts