All News Local News

လမ်းဘေးတွင် နေထိုင်ရင်း ခြိမ်းခြောက်ခံနေရသည့် ညောင်ရွာ မီးဘေးသင့်ဒေသခံများ နေစရာမရှိ၍ ဝန်ကြီးချုပ် ဖြေရှင်းပေးရန် တိုင်းရုံးရှေ့တွင် အရေးဆို

ရန်ကုန်၊ ဧပြီ ၈

လှိုင်သာယာမြို့နယ်၊ ညောင်ရွာမှာ မီးဘေးသင့် ပြည်သူများသည် နေရာစရာမရှိ၍ လမ်းဘေး တွင်နေထိုင်ရင်း ခြိမ်းခြောက်ခံနေရသည့်အတွက် နေစရာထိုင်းဖြေရှင်းပေးရန်၊ ခြိမ်းခြောက်နေ သူများကို အရေးယူပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံ တောင်းဆိုတင်ပြနိုင်ရေး တိုင်းအစိုးရရုံးရှေ့တွင် ရောက်ရှိ တောင်းဆိုနေကြသည်။

ညောင်ရွာမှ ဒေသခံ ၅၀ ဦးကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းအစိုးရ တိုင်းရုံး ရှေ့ ဂိတ်အမှတ် ၄ တွင် လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်ပြီး နေစရာ မရှိ၍ လူမှု ဘ၀ ဒုက္ခများ ကြုံတွေ့နေရကြောင်း၊ ညောင်ရွာရပ်/ကျေးများကိုယ်တိုင် ဓားများ တုတ်များဖြင့် နေ့စဉ် လာရောက် ခြိမ်းခြောက်နေကြောင်း၊ ယင်းအရေးကိစ္စများကို ဧပြီလ ၅ ရက်နေ့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံ တင်ပြခဲ့သော်လည်း မထူးခြားခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းရုံးရှေ့သို့ လာရောက်ပြီး ဝန်ကြီးချုပ်နှင့်တွေ့ခွင့်ရရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့မှာ လမ်းဘေးမှာ နေနေရတယ်။ လိုချင်တာက မီးလောင်သွားတဲ့ မူလနေရာတွေမှာပဲ ပြန်နေခွင့်ရချင်တယ်။ အခုက နေစရာလည်းမရှိဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် နေစရာ နေရာ လေး ရရင် အဆင်ပြေတယ်။ အခုက အတော်ကို ခက်ခဲတယ်။ နောက်ပြီး ညောင်ရွာ ရပ်/ကျေးတွေကိုယ်တိုင် ကျမတို့ကို ဓားတွေနဲ့ ခြိမ်းခြောက်နေတာ။ အားလုံးအခက်အခဲ ဖြစ်လို့ ဝန်ကြီးချုပ်ဆီကို တင်ပြဖို့လာတာပါ။ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ တွေ့တယ်။ အဖြေ မထွက်ဘူး။ ဒီနေ့ တွေ့ခွင့်မရရင် မပြန်ဘူး။ ဒီမှာပဲ နေမယ်” ဟု ညောင်ရွာဒေသခံတစ်ဦး ဖြစ်သူ ဒေါ်ဝါဝါထွန်းက ပြောသည်။

မီးဘေးသင့်ပြည်သူတစ်ဦးကလည်း ၎င်းတို့ကို ညောင်ရွာ ရပ်/ကျေး အဖွဲ့ဝင်များက ရေမျော ကမ်းတင် များဖြစ်၍ ရွာနာသဖြင့် နေထိုင်ခွင့်မပြုဟုဆိုကာ အမြဲတစေ ခြိမ်းခြောက်နေ ကြောင်း၊ သက်ဆိုင်ရာထံသို့ အကြောင်းကြားသော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိဘဲ မီးဘေးသင့်သူများမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်ဟု ပြောဆိုသည်။

“ကျနော်တို့ကို ရေမျောကမ်းတင် ပျံကျတွေလို့ပြောတယ်။ ရွာနာတယ်ပေါ့။ အဲဒါကြောင့် ဒီမှာ မနေကြနဲ့ဆိုပြီး တုတ်တွေ ဓားတွေနဲ့ နှင်နေကြတာ။ တိုင်တော့လည်း ဘယ်သူမှ အရေးမယူ ပေးဘူး။ နေစရာမရှိတော့ လမ်းဘေးမှာ နေရတယ်။ လမ်းဘေးမှာ နေရတော့ အဆင် မပြေဘူး။ အလုပ်လည်း လုပ်လို့မရဘူး။ ကလေးတွေလည်း ရှိတော့ အတော်ကို ခက်ခဲပါတယ်” ဟု မီးဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

ညောင်ရွာတွင် မတ်လ ၉ ရက်နေ့က တစ်ကြိမ်၊ မတ်လနှောင်းပိုင်းတွင် တစ်ကြိမ် မီးဘေးနှစ်ကြိမ်သင့်ခဲ့ပြီး ဒေသခံလူဦးရေ ၅၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်နေကြခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com