Web TV

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် မဲရုံရောက်မှ မဲမပေးဘဲလှည့်ပြန်သွားသူ အမြောက်အမြားရှိ

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာတွင် ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များစွာ ရှိနေကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်များသည် မဲစာရင်းတွင် အမည်မပါသဖြင့် မဲရုံရောက်မှ အမြောက်အမြား လှည့်ပြန်သွားရသည့်ဖြစ်စဉ် မဲရုံအားလုံး၏တစ်ဝက်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၉ ၊ မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ People Alliance for Credible Elections – (PACE) က မဲရုံ ၃၀၀ ကို စောင့်ကြည့်ကာ တွေ့ရှိခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ တစ်စောင်ကို ဧပြီ ၁ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး၏ ၁၀ ရာခိုင်နှုန်းအောက်သာ ဆန္ဒမဲလာပေးခဲ့ကြကြောင်း PACE က ထုတ်ပြန်ခဲ့သည်။ ဒါ့အပြင် မဲရုံအားလုံး၏ ထက်ဝက်ခန့်တွင် မဲလာပေးသူပြည်သူများမှာ မည်သို့မဲပေးရမည်ကို မသိရှိသဖြင့် ကူညီပေးခဲ့ရသည့် မဲဆန္ဒရှင်များစွာ ရှိနေကြောင်း ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုနှင့် တာဝန်ခံမှုတို့ မြင့်မားလာရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များကို ရွေးကောက်ပွဲတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ စောင့်ကြည့်လေ့လာသူများနှင့် အားလုံးပါဝင်နိုင်သည့် ဖြစ်စဉ်ဖြင့် ပြန်လည်သုံးသပ်ပြီး ဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ရွေးကောက်ပွဲနေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မဲဆန္ဒနယ် ၆ ခုတွင် မဲရုံများကို စောင့်ကြည့်လေ့လာရန်အတွက် PACE မှ ကာလတိုစောင့်ကြည့်လေ့လာသူ.စုစုပေါင်း ၃၄၈ ဦးကို အသုံးပြုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com