All News Local News

ရခိုင်လူ့အခွင့်အရေးချိုးဖောက်မှု တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံး ယုံကြည်စရာမရှိဟုဆို

ရန်ကုန်၊ ဧပြီ ၅

တပ်မတော်က ရခိုင်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းလိုက်သည် အဖွဲ့ဝင် ၃ ဦးပါ တပ်မတော်စုံစမ်းစစ်ဆေးရေး ခုံရုံးသည် ယုံကြည်စရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် နိုင်ငံတကာရေးရာကျွမ်းကျင်သူ တပ္ပဒီပအင်စတီကျု ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ပြောဆိုသည်။

တပ်မတော်က ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဌအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးကျော်ကျော်နိုင်နှင့် ဗိုလ်မှူးကြီး သိန်းနိုင်တို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး ခုံရုံးက ရခိုင်ဖြစ်စဉ်များနှင့် စပ်ဆိုင်သော သက်သေခံချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက်အထား၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အစရှိသည်တို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးက စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပေးပို့တင်ပြကြပါရန် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က ဖိတ်ခေါ်ကြောင်း၊ အချက်အလက်များပေးပို့ရာတွင် အောက်ပါအချက်အလက်များကို ပူးတွဲ၍ အီးမေးလ်ဖြင့် ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုသည် ယုံကြည်စရာမရှိဘဲ တပ်မတော်အနေဖြင့် ပြည်တွင်း စားသုံးရန် ဆိုသော အဓိပ္ပာယ်ဖြင့် ကော်မရှင်နှင့် ခုံရုံးများစွာ ဖွဲ့စည်းနေသည့် သဘောသက်ရောက်ကြောင်း၊ တပ်မတော်က ဖွဲ့စည်းသော ခုံရုံးနှင့်ကော်မရှင်များသည် ယုံကြည်စရာမရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဘာမှအရာမထင်ဘူး၊ အရာထင်အောင်လည်း သူတို့အနေနဲ့ ဘာမှမရည်ရွယ်ပါဘူး။ အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်နိုင်ငံသိက္ခာမကျအောင်ဆိုပြီး ပြောနေတယ်။ တကယ်တမ်း သိက္ခာကျနေပြီ၊ သူတို့လုပ်တဲ့ဟာက။ ဒီလိုတွေလျှောက်လုပ်ကတည်းက သိက္ခာက ကျနေပြီ။ ဒါက အရပ်သားအစိုးရကိုရော တပ်ကိုရော ပြောတာလေနော်” ဟု ဒေါက်တာခင်ဇော်ဝင်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး တရားစီရင်ရေးတွင် နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံရှိထားသည့် အမေရိကန်ရှေ့နေ Nicholas Koumjian ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဧပြီလ ( ၂ ) ရက်နေ့က ခန့်အပ်လိုက်ပြီဖြစ်သည်။

ဓာတ်ပုံ- အင်းဒင်လူသတ်မှုကို တပ်မတော်က စုံစမ်းဖော်ထုတ်ခဲ့စဉ်။ Photo Credit – တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com