All News Editorial

ရခိုင်တွင် ပြည်သူ ထိခိုက်သေဆုံးနေမှု ရပ်တန့်ရန် တပ်မတော်နှင့် AA တွင် တာဝန်ရှိသည်

ရခိုင်ပြည်နယ်တွင် တောက်လျောက်ဖြစ်ပွားနေသည့် ရခိုင်တပ်မတော်နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် အရပ်သားသေကျေ ထိခိုက်မှုများစွာ ဖြစ်ပေါ်လျက်ရှိနေသည်။ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်သည်လည်း နှစ်သောင်းခွဲကျော်အရေအတွက် အထိ တိုးတက်လာနေသည်။

တိုက်ပွဲများအတွင်းတွင် တပ်မတော်၏ ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးရသော အရပ် သား များ ရှိသကဲ့သို့ AA ၏ ပစ်ခတ်မှုများကြောင့်လည်း သေဆုံးရသော စစ်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသော အရပ်သားများစွာရှိနေပြီဖြစ်သည်။

တပ်မတော်ဘက်ကလည်း AA နှင့်ပတ်သက်နေသည့် နေရာများစွာ ရှင်းလင်းသည်ဟု ထုတ်ပြန်သော သတင်းများတွင် သေဆုံးထိခိုက်ရသော အရပ်သား အရေအတွက်များ စွာ လည်း ပါဝင်လာ နေသည်။ အလားတူ AA ကလည်း ကျည်ဆန်တစ်တောင့်နှင့်စာပေးပို့၍ ဗမာစစ်တပ်သို့ သတင်းမပို့ရ၊ ရက္ခိတလမ်းစဉ်ကို မနှောင့်ယှက်ရ ဆိုသော စည်းကမ်းများကို ချိုးဖောက် သည်ဆိုသော စွပ်စွဲမှုများဖြင့် ပစ်သတ် သတ်ဖြတ်ခံနေရသော အရပ်သားများ စွာလည်းရှိ နေသည်။

လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခု၏ ပဋိပက္ခအကြားတွင် အတိဒုက္ခရောက်နေကြသည်က ရခိုင်ပြည်တွင် နေထိုင်သော အရပ်သားပြည်သူအားလုံး ပင်ဖြစ်သည်။ စစ်မီးအရှိန်မြင့်သ ည်နှင့်အမျှ သေကျေ ထိခိုက်ရသော ပြည်သူအရေအတွက်ကလည်း မြင့်တက်လာနေသည်။

ဧပြီလ ၃ ရက်နေ့က ဘူးသီးတောင်တွင် တပ်မတော်၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကဲ့သို့ပင် မတ်လ ၂၁ ရက်နေ့ တပ်မတော်၏ ပစ်ခတ်မှုကြောင့် စည်တောင်ကျေးရွာသား ၅ ဦးလည်း သေဆုံးခဲ့ရသည်။ လှေသမား မောင်ချေသည်လည်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ အလားတူ အရပ်သားထိခိုက်မှု ဖြစ်စဉ်များစွာကိုလည်း ချရေးပြ၍ ပင် မကုန်နိုင်သည့် အခြေအနေဖြစ်ပေါ်နေသည်။

တိုက်ပွဲများကို အခြေပြု၍ ဖြစ်ပေါ်လာသော ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး မှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ ထွက်ပြေးတိမ်းရှောင်ရမှုများအတွက် နှစ်ဖက်စလုံးက တာဝန် ယူကြရမည်ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခု၏ ဘတစ်ပြန် ကျားတစ်ပြန်တိုက်ခိက်မှု အောက်တွင် ပြည်သူများ သေဆုံးနေမှု၊ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိနေမှုက လက်ခံ နိုင်ဖွယ်မရှိပေ။

နိုင်ငံတော်အချုပ်အခြာအာဏာ ကို ကာကွယ်ပါသည်ဆိုသော တပ်မတော်သည် လည်း ကောင်း၊ ရခိုင်တစ်မျိုးသားလုံး လွတ်မြောက်ရေး လက်နက်စွဲကိုင် တော်လှန်ပါသည် ဆိုသော ရခိုင်တပ်မတော်သည်လည်းကောင်း လက်နက်မရှိသော ၊ အပြစ်မဲ့သော၊ အားကိုးရာ မဲ့နေ သော ပြည်သူလူထု မထိခိုက်စေရန် တာဝန်ရှိပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရ သေဆုံးသည်ဆိုလျှင်ပင် ယင်းသေဆုံးမှုက သည်းခံစရာမရှိပေ။

အယူဝါဒနှင့် ခံယူချက်များစွာကြောင့် လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်မှုတွင် ပြည်သူများ သည် ဓားစာခံ မဖြစ်သင့်ပေ၊ ပြည်သူများသည် စတေးမခံသင့်ပေ။ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ မဆုံးရှုံးသင့်ပေ။

အယူဝါဒချင်း တိုက်ပွဲတွင် ပြည်သူများ မထိခိုက်စေရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် လက်နက် ဘေးချ၍ ဆွေးနွေးခြင်းကသာ စစ်စစ်မှန်မှန်ဖြင့် လူထုအကျိုးကို ရည်ရွယ် စောင့် ရှောက် ခြင်းဖြစ်သည်။ နှစ်ဖက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးခြင်းဖြင့် တိုက်ပွဲများကြောင့် ပြည်သူများ ထိခိုက် သေဆုံးရခြင်းကို အမြန်ဆုံး ရပ်တန့်သင့်ပြီဟု ရန်ကုန်ခေတ်သစ်က သက်ဆိုင်သူများကို တိုက်တွန်း အပ်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com