All News Local News Peace

ရခိုင်စစ်ဘေးသင့်ပြည်သူများ ပျက်စီးထိခိုက်မှု ANP အစီရင်ခံစာ ပြည်သူကို ချပြပြီး နိုင်ငံ့ အကြီးအကဲများထံ တင်ပြမည်

ရန်ကုန်၊ ဧပြီ ၂

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ဘေးဒဏ်ကြောင့် ဒေသခံပြည်သူများ ထိခိုက် နစ်နာ ဒဏ်ရာရ ၊ သေဆုံးခဲ့မှုများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က စုံစမ်းရေး ကော်မရှင် အဖွဲ့ ဖွဲ့စည်းစုံစမ်းနေကာ အစီရင်ခံစာကို ပြည်သူထံ ချပြပြီးမှ နိုင်ငံအကြီးအကဲများထံ တင်ပြမည်ဖြစ်ကြောင်း ANP ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က ပြောသည်။

ANP ပါတီ၏ စုံစမ်းရေးအဖွဲ့သည် စစ်ဘေးရှောင်စခန်းများကို ကွင်းဆင်းပြီး မြေပြင် အနေ အထား ၊ အချက်အလက်များ သိရှိစေရန် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့က စုံစမ်းရေးကော်မရှင်က အဖွဲ့ခွဲပြီး ရသေ့တောင် ၊ ဘူးသီးတောင် ၊ ကျောက်တော် ၊ မင်းပြား ၊ မြောက်ဦး မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ စစ်ဘေးရှောင် ပြည်သူ များနှင့် တွေ့ဆုံကာ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီစုံစမ်းရေးကော်မရှင်ကနေ ပါတီကို အစီရင်ခံစာတင်သွင်းရမယ်။ အခုစုံစမ်းလို့ပြီးရင် အဲ့အဖွဲ့ကနေ ပါတီကို အစီရင်ခံစာ တင်သွားရဦးမယ်။ ရသေ့တောင် ၊ ဘူးသီးတောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား မြို့နယ်တွေမှ ဖြစ်ပွားသွားတဲ့ ကိစ္စ ဟူသမျှကို ပကတိအနေအထားနဲ့ အမှန်တရားတွေကို စုံစမ်းပြီးတော့ အစီရင်ခံစာ တင်သွင်း ရမယ်ဆိုတော့ ဒါကို ယေဘုယျဆန်ဆန် ဒီလောက်အချိန်တိုလေးအတွင်းမှ ပြောဖို့ မပြည့်စုနိုင်ဘူး။ တစ်စွန်းတစ်စတွေကို ဆက်စပ်ပြီး ပြောလိုက်ရင် တလွဲစီ ဖြစ်နေမယ်။ အဓိက ကတော့ ကော်မရှင်ကနေ အစီရင်ခံစာ တင်သွင်းဖို့အတွက် အချက်အလက်တွေကို စုံစမ်းတာ ဖြစ်တယ်” ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

ကော်မရှင်အနေနဲ့ လက်ရှိမြေပြင် ပကတိအခြေအနေမှန်တွေကို အစီရင်ခံစာ ရေးသားပြီး ရခိုင် အမျိုးသားပါတီမှတစ်ဆင့် နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒေါ်အေးနုစိန်က ပြောသည်။

“ကျမတို့က ဒီဖြစ်ပွားနေတဲ့ အနေအထားတွေမှ အရပ်ဘက် ပြည်သူ့တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ နေရာ စွန့်ခွာတိမ်းရှောင်ေ့နရတဲ့ ဒုက္ခတွေ ၊ ဒီလိုပဲ ပစ်ခတ်မှုတွေကို အချိန် မရွေး ဖြစ်နေတယ်၊ ဖမ်းဆီးမှုတွေ ရှိနေတယ်၊ ပျောက်ဆုံးမှုတွေ ရှိနေတယ်။ ဘယ်ရောက် သွားမှန်းမသိဘူး။ ဖမ်းဆီးမိပြီဆိုရင် တွေ့ခွင့်မရဘူး။ ရိုက်နှက်ပြီး ညှဉ်းဆဲနှိပ်စက်ခံရတာတွေရှိတယ်။ အဲဒါတွေအပြင် မြောက်ဦး ၊ ရခိုင်တွေ့ရဲ့ အသည်းနှလုံး ဖြစ်တဲ့ ရခိုင် ရှေးဟောင်းအမွေအနှစ် ၊ တန်ဖိုးမဖြတ်နိုင်တဲ့ အနေအထားတစ်ခုကို စစ်မက်ဇုန်လို့ မသတ်မှတ်ရင်တောင် ဒါတွေကို ထိခိုက်မယ့်အနေအထားတွေ ဘယ်လိုရှောင်ကွင်းနိုင်မလဲ ၊ ကုသနိုင်မလဲဆိုတာတွေကို အဓိကထားပြီး ပကတိမြေပြင် အဖြစ်မှန်တွေကို ကျမတို့က ပါတီကို တင်ပြသွားမယ်။ ပါတီကနေတစ်ဆင့် နိုင်ငံတော် သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ကာကွယ်ရေး ဦးစီးချုပ်ကို ဆက်လက်ပြီးတော့ တင်ပြသွားမယ်” ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

မြောက်ဦးမြိုနယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၆ ထောင် ကျော်ရှိနေပြီး တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ၊ သေဆုံးဖမ်းဆီးခံရတဲ့ ဦးရေ အရပ်သားစုစုပေါင်း ၅၂ ယောက်ရှိနေကြောင်း ANP ပါတီ စုံစမ်းရေးကော်မရှင်ထံမှ သိရှိရသည်။

မတ်လ ၂၇ ရက်နေ့တွင် ANP ပါတီက ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။

Photo Credit – ANP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com