Local News Peace political news

မြောက်ဦးတွင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် နှစ်မျိုး စလုံးသုံး၍ တပ်မတော်က AA ကိုတိုက်၊ တိုက်ပွဲ ပြင်းထန်

ရန်ကုန်၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်မတော် AAတို့အကြား ယမန်နေ့ည ၁၀ နာရီမှ ယခုအချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း တပ်မတော်က အတည်ပြုပြောဆိုလိုက်ပြီး ဒေသခံများ၏ အဆိုအရ တပ်မတော်ဘက်က တိုက်လေယာဉ် ၂စီးနှင့် ရဟတ်ယာဉ်များပါ အသုံးပြု၍ တိုက်ခိုက်နေကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေသော နေရာများမှာ မြောက်ဦးမြို့၊ ကိုးသောင်းဘုရား ရဲတပ်ရင်းအနားတွင် လည်းကောင်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်အနီးရှိ ပန်းမြောင်တွင်လည်းကောင်း၊ မြောက်ဦးမြို့နယ် လေညှင်းတောင်တွင်လည်းကောင်း တိုက်ပွဲများ တစ်ပြိုင်နက်တည်းဖြစ်ပွားနေကြောင်း သိရှိရသည်။

“တပ်ဘက်က ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်နှစ်မျိုးသုံးပြီးတိုက်တယ်။ မြောက်ဦးမြို့ ကိုးသောင်းဘုရားအနားမှာပဲ။ ည ၁၀ နာရီလောက်ကတည်းက မနက် ၅ နာရီ လောက်အထိဖြစ်တယ်။ လက်နက်ငယ်ရော၊ လက်နက်ကြီးရော၊ ရဟတ်ယာဉ်ရော၊ ဂျက်လေယာဉ်သုံးတယ်။ ပြီးရင် မြောက်ဦးမြို့နယ် လေညှင်းတောင်၊ မင်းပြားမြို့နယ် ပန်းမြောင်း။ ပြင်းထန်တယ်။ အခုထက်ထိတောင် အသံတွေကြားနေရတုန်း။ ကိုးသောင်းဘုရားနားမှာ ရဲတပ်ရင်းရှိတယ်။ ရဲတပ်ရင်းနားမှာ တပ်မတစ်ခု၊ ရဲတပ်ရင်းထဲမှာက တပ်မ ၂၂ က ရဲတပ်ရင်းထဲနေတယ်”ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေသေဖြင့် မီဒီယာသို့ မဖြေကြားနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသည်ကို အတည်ပြုပြီး လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ပြီးမှ ပြန်ဆက်ပါ။ အလုပ်တော်တော်ရှုပ်နေလို့ပါ။ မြောက်ဦးမှာ ဖြစ်တဲ့ ဖြစ်စဉ်မေးမှာ မလား။အခုထိ တိုက်ပွဲဖြစ်နေတယ်။ ဒီလောက်ပဲပြောလို့ရမယ်ခင်ဗျ။ ကျနော်လည်း ဟိုနေရာ ဒီနေရာ လိုက်လုပ်နေလို့ပါ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

တိုက်ပွဲများကြောင့် မြောက်ဦးမြို့တစ်ခုလုံး ကြောက်လန့်နေပြီး မည်သူမှ အပြင်မထွက်ရဲဖြစ်နေကြောင်း မြောက်ဦးဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ- တပ်မတော်နေ့ စစ်ရေးပြပွဲတွင် ရဟတ်ယာဉ်များ အသုံးပြုနေပုံ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com