All News Local News

မြဝတီတွင် ရွှေမြစန္ဒီအိမ်ရာ ဖျက်ဆီးခံရမှုကြောင့် လူဦးရေ ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ကူသူမဲ့နေ

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မဲကနယ်ကျေးရွာ ၊ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ ရွှေမြစန္ဒီ အိမ်ရာ ကွက် ရှိ လူနေအိမ် ၃၀၀၀ ကျော်ခန့်ကို ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖျက်ဆီးခဲ့သဖြင့် ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြကြောင်း သိရှိရသည်။

“ လက်ရှိတော့ လမ်းပေါ်မှာပဲ တဲထိုးပြီး နေနေရတယ်။ အမိုးအပင် တစ်ပင်မျှ မရှိတာ။ ဒီနေရာတွေက ၊ ကျမတို့ ပြည်သူလူထုတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေတာ ၊ ကျမတို့ကို ငဲ့ညှာသနားပေးပါ။ အခုဆိုရင် လမ်းပေါ်မှာ နေရ ၊ ညဘက်ကျရင် လမ်းပေါ်မှာ အိပ်နေရ ။ ကိုယ်အိုးကိုယ်ယာရှိနေလျက် အိုးမဲ့အိမ်မဲ့ဖြစ်အောင် မလုပ်ကြဖို့ တောင်းဆိုချင်တယ်” ဟု အိမ်ဖျက်ဆီးခံရသူ မစန္ဒာ က ပြောသည်။

အဆိုပါ အိမ်ရာသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA ) အပစ်ရပ် အဖွဲ့ ၊ ဗိုလ်မှူးညီညီ က မြဝတီမြို့တွင် နေထိုင်သည့် ဝန်ထမ်း ၊ စစ်မှုထမ်ဟောင်းများ ၊ ဒေသခံပြည်သူ ကျေးရွာသားများကို တန်ဖိုးနည်းအိမ်ယာဟုဆိုကာ မြေကွက်တစ်ကွက်လျှင် ကျပ်ငွေ တစ်သိန်း မှ ငါးသိန်းခွဲ ဈေးနှုန်းဖြင့် ခြံကွက်ဖော်ကာ ရောင်းချထားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဆိုပါအိမ်ရာမှ အိမ်ကွက်ပေါင်း ၃၂၀၉ ကွက်မှ လူနေထိုင်ခြင်း မရှိသည့် မြေကွက် ၇၅၇ ကို ဘူဒိုဇာ စက်ယန္တရားများဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ပြီး ယခုအခါတွင် လူနေထိုင်နေသည့် အိမ်ယာ ၁၀၀၇ လုံး လာရောက်ဖျက်ဆီးခဲ့ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ေ နော်အုန်းလှက အိမ်များကို ဖျက်ဆီးခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်ဟုဆိုသည်။

“ ဒီစီမံကိန်းက အရင် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက လုပ်ခဲ့တာ။ ဒီအစိုးရ လက်ထက်မှ ဖျက်တာ မဟုတ်သေးဘူး။ ဒါက လူထုအတွက် လုပ်တာပဲ။ ဘာဖြစ်လို့ ဆက်မလုပ်တာလဲ။ ဒီစီမံကိန်းကို ဖျက်ရအောင် နစ်နာတာ ပြည်သူပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဖြေရှင်းလို့ မရ ၊ အခုက ဌာနပေါင်းစုံက လာပြီးတော့ နှိပ်စက်နေတာ။ လက်နက်ကိုင်လည်း ပါတယ်။ သူတို့တွေက လူဂုဏ်သိက္ခာ ထိခိုက်ခံစားရတဲ့သူတွေ ဖြစ်နေပြီ “ ဟု ဒေါ်နော်အုန်းလှက ပြောသည်။

လက်ရှိ မြေဧက ၂၅၇ ဒသမ ၁၃ မြေနေရာတွင် မိသားစု လူဦးရေ ၃၀၀၀ ကျော် ကျုးကျော်အခြေကျနေထိုင်လျှက်ရှိပြီး သာသနိက ဆိုင်ရာ ဘုရားစေတီများ ၊ ကွန်ကရစ်လမ်းမများ ပြုလုပ်ကာ အခိုင်အမာနေထိုင်နေကြာင်း၊ တရားမဝင် မြေယာကျူးကျော် အကွက်ရိုက်ရောင်းချခြင်းကို ဦးဆောင်နေသည့် ဗိုလ်မှူးညီညီကို ဖမ်းဆီးထားပြီး စစ်ဆေးချက်များအရ အဂတိဆိုင်ရာ ပတ်သက်ဆက်နွယ်သူ အစိုးရ ဝန်ထမ်းများကို စစ်ဆေးအရေးယူသွားရန် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- လုံခြုံရေးများစွာဖြင့် အိမ်ရာများကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

Photo Credit – မြဝတီမြို့ လွတ်လပ်သော ပြည်သူ့အသံ

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com