China Watch Peace political news

မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု တရုတ်သမ္မတပြောဆို

ရန်ကုန်၊ ဧပြီ ၁၁

မြန်မာ့တပ်မတော်နှင့် တရုတ်တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ Mr.Xi Jinping က ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဧပြီလ ၁၀ ရက်နေ့ က တွေ့ဆုံစဉ် တရုတ်သမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်သမ္မတ Mr. Xi Jinping က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယခုလာရောက်သည့်ခရီးစဉ်တွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ယခင်ကတည်းက ပါတီ၊ အစိုးရ၊ ပြည်သူများနှင့် တပ်မတော်အချင်းချင်း ကျယ်ပြန့်သည့် ဆက်ဆံရေး ရှိပြီး တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးသည် ပိုမိုရင်းနှီးကျယ်ပြန့်ကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းပြည်ပဖိအားများကိုရင်ဆိုင်ပြီး ခေါင်းဆောင်အသီးသီးက နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ မှုများကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်လာမှုများကိုတွေ့မြင်ရပြီး မိမိအနေဖြင့်အသိအမှတ်ပြု ပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပြီးနောင်တွင်လည်း ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကာ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာများ အတူတကွ ညှိနှိုင်းဖြေရှင်းသွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များတွင် Win – Win အနေအထားရအောင် အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်းပြောဆိုသည်။

တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတ Mr. Xi Jinping တို့ တွေ့ဆုံမှုသည် ၅ ကြိမ်မြောက်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen. Wei Fengheနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

www.khitthitnews.com

Photo Credit – တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com