All News

မြန်မာဘက်မှလာသည့်စိတ်ကြွဆေးပြားများကြောင့် ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းတွင် အချက်ပေးအနေအထားရှိနေ ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ပြော

နေပြည်တော်၊ ဧပြီ ၉

မြန်မာဘက်မှဝင်ရောက်လာသည့် စိတ်ကြွဆေးပြားများကြောင့် ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအတွင်းတွင် အချက်ပေးရသည့်အနေအထားသို့ရောက်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ၆ ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ချုပ်သည် မူးယစ်ဆေးဝါး၊ အထူးသဖြင့် ယာဘစိတ်ကြွဆေးပြားများနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတွင် ယာဘစိတ်ကြွဆေးပြားဝင်ရောက်မှု များပြားလာကြောင်းသ ၎င်းကဆိုသည်။

“မူးယစ်ဆေးဝါးနဲ့ ယာဘ၊ အထူးသဖြင့် ယာဘကူးသန်းမှုဟာ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်တာများလာပြီး လူမှုအသိုင်းအဝိုင်းကြားမှာ အချက်ပေးတဲ့အနေအထားကိုရောက်ရှိနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၆ ကြိမ်မြောက် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ယမန်နေ့ကစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နှစ်ဘက်သဘောတူ ထုတ်ပြန်ကြေညာချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်အတွင်းတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် သတင်းအချက်အလက်များ မျှဝေဖလှယ်ရေး အချက်လည်းပါဝင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက မလေးရှားနိုင်ငံမှထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံအတွက်မူးယစ်စစ်တမ်းတစ်ခုတွင် ရှမ်းပြည်နယ်မှ ထွက်ရှိလာသော စိတ်ကြွဆေးပြားများသယ်ဆောင်ရာလမ်းကြောင်း၌ ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သယ်ဆောင်သည်ဟု ဖော်ပြထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts