China Watch Peace political news

မြစ်ဆုံအပြီးတိုင်ရပ်ဆိုင်းရေး တရုတ်သမ္မတထံ သတိပေးစာပေးပို့မည်

ရန်ကုန်၊ ဧပြီ ၂၄

ဧရာဝတီမြစ်ဆုံ အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ပြည်တွင်း လူမှု အဖွဲ့အစည်း ၁၀ ခုထက်မနည်း စုပေါင်း၍ တရုတ်သမ္မတ ရှီကျင့်ပင်ထံ သတိပေးစာတစ်စောင်ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့မှ ဒေါက်တာညိုညိုသင်းက ပြောသည်။

တရုတ်သမ္မတရှီကျင့်ပင်ထံ သတိပေးစာပေးပို့ရန် ဧပြီလ ၂၅ ရက်နေ့တွင် ပြည်တွင်း လူမှု အဖွဲ့အစည်း ၁၀ ခုထက်မနည်း တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ တရုတ်သမ္မတထံ ပေးပို့မည့်စာကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သတိပေးစာပေါ့။ Warning Letter ပေါ့။ အခြားဟာတွေထက်တော့ ပြင်းတယ်လေ။ ၁၀ ဖွဲ့လောက်ပေါင်းလုပ်တာ။ Action တွေက ဘာလုပ်မလဲ အဲဒါကို ဆွေးနွေးကြမှာပေါ့။ အမှန်ပြောရရင် ဧရာဝတီပြန်ရွေးမယ်ဆိုတာက လူကြီးတွေ တွေ့ကျတဲ့ ပွဲပေါ့။ အဲဒါက ယဉ်ယဉ်ကျေးကျေးနဲ့ Gentleman တွေ တွေ့ကျတဲ့ပွဲ။ ဆင်းရတဲ့နိုင်ငံက ပြည်သူတွေက တစ်ဒေါ်လာနဲ့ ရွေးမယ်ဆိုတာက ရှီကျင့်ပင် နာတတ်ရင် ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ ဂျပန်ခေါင်းဆောင်ဆိုရင် Suicide လုပ်ပြီးသေမှာ။ အရှက်ခွဲတာလေ။ တကယ်ကို Fight ချင်တဲ့သူ များအတွက်လည်း ထွက်ပေါက်လုပ်ပေးတာပဲ။ ပြောကြပေါ့။ ဘာတွေ လုပ်ကြမလဲ။ ဘာလုပ်နိုင်မလဲ။ မြစ်ဆုံက တစ်မျိုးသားလုံး ကိစ္စ ။ ရွေးယူမယ့် အစီအစဉ်အပြင် အခြားအစီအစဉ်တွေလည်း လိုချင်ကြတယ်လေ။ လူငယ်အုပ်စုတွေက ။ ဒါ အခွင့်အလမ်းတွေပေးတာပေါ့”ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူ ကိုမြတ်ကျော်ကလည်း မြစ်ဆုံစီမံကိန်း ပြန်လည် စတင်မည်ဆိုပါက လုပ်ဆောင်မည့် အစီအစဉ်များကို ချမှတ်ရန်ရှိနေကြောင်း ပြောဆိုသည်။

“အဖွဲ့ တွေအားလုံးက စုပေါင်းလုပ်ကြမှာပါ။ ကျနော်တို့လည်းပါဝင်မှာပါ” ဟု ဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ကလည်း ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည် ရွေးယူလိုသော တက်ကြွလှုပ်ရှားသူများကလည်း တရုတ်သမ္မတထံ မေတ္တာရပ်ခံစာပေးပို့တစ်စောင် ပေးပို့လိုက်ပြီ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံက ဦးစီးကျင်းပမည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တရုတ်ပိုးလမ်းမ စီမံကိန်း တက်ရောက်ရန် ယနေ့ တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts