All News Local News Peace

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယနေ့ နံနက်မှစတင်၍ ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ရွာသူရွာသားများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ၊ ဥယျာဉ်သာ ၊ စံကိုးထောင် ၊ သျှစ်သျားတောင် ၊ နရုံတောင် ၊ ကွမ်းတောင် ကျေးရွာများဘက်သို့ မတ်လ ၃၁ ရက်နေ့ က တပ်မတော် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ ထွက်ပြေး နေရ ကြောင်း ဘူးသီးတောင်မြို့နယ်မှ ရခိုင်ပြည်နယ် ၊ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောသည်။

မတ်လ ၃၁ ရက်နေ့ က တပ်မတော်က ထိပ်ထူးပေါက်တောင်တန်းဘက်မှ ကျေးရွာများ ဘက်သို့ လမ်းကြောင်းရှင်းသည့်အနေဖြင့် လက်နက်ကြီးများ ပစ်ခတ်ကြောင်း ၊ ကျေးရွာသားများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။

“ အဲ့ဒီနေရာတွေမှာ လက်နက်ကြီးတွေ ပစ်တယ်။ ဒါကြောင့် ရွာသားတွေ ထွက်ပြေး နေကြတယ်။ အခု သူတို့ စေတီတောင်စခန်းမှာ ရောက်နေကြတယ်လို့ ကျနော်ကြား ရတယ်။ ရွာသားတွေက ပြောတာတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တပ်ကနေ လမ်းကြောင်းရှင်းတဲ့အတွက် လက်နက်ကျည်တွေ ကျတယ်။ အဲ့ဒီအတွက်ကြောင့် သူတို့ ထွက်ပြေးရတယ်လို ပြောတယ်။ အဲ့ဒီလို ပစ်ခတ်တာကြောင့် ရွာနီးစပ်တွေကို ကျရောက် တာကြောင့် သူတို့ထွက်ပြေးလာကြတာ “ ဟု ဘူးသီးတောင်မြို့နယ် ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောသည်။

လက်ရှိတွင် စေတောင် ၊ ကံပြင် ၊ စပါးထား ၊ ကွမ်းတောင် ရေကောင်းချောင်း ၊ စံရိုးတောင် ၊ ခရုချောင်း ၊ ရေစိုချောင်း ၊ ပိုင်းတပုတ် ၊ သိန်းတန်၊ သရက်ပြင် ကျေးရွာရှိ ဒေသခံရွာသား ၁၀၀၀ ကျော်ခန့် ဘူးသီးတောင်မြို့နယ် ၊ စေတီတောင် စစ်ဘေးရှောင် စခန်းများသို့ ခိုလှုံနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအပြင် ယနေ့ နံနက် ၈ နာရီခန့်တွင် တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တို့ ကွမ်းတောင် နှင့် စပါးထားကျေးရွာနားတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“ ဒီနေ့တော့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့ မနက်ဖြစ်တာက ကွမ်းတောင်နဲ့ စပါးထား အကြားမှာ ဖြစ်တာ။ ဒီမနက် ၈ နာရီလောက် ဖြစ်တယ်။ အဲဒီမှာ နာရီဝက် ၊ ၁ နာရီ နီးပါး ဖြစ်တယ်လို့ ကြားတယ်။ တိုက်ပွဲက ဒီနေ့မနက်ဖြစ်တာ ။ ဒီနေ့က နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်တာ ။ မနေ့က အဲ့ဒီနေရာကို သွားဖို့အတွက် တပ်မတော် ဘက်က ပစ်ကူပေးတယ်။ အဲဒီအတွက် ကြောင့် ရွာသားတွေ မနေနိုင်လောက်အောင် ထွက်ပြေးရတယ် “ ဟု ဘူးသီးတောင်မြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောသည်။

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် မြို့နယ် ၊ အမှတ် ( ၅) ရပ်ကွက်အတွင်းရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းသို့ နွားရုံတောင် ၊ စံရိုးတောင် ၊ ကွမ်းတောင် ၊ သရက်ပြင် ၊ သျှစ်သျှားတောင် ၊ စပါးထား ၊ ကံပြင်ကျေးရွာများက စစ်ဘေးရှောင် အိမ်ထောင်စု ၁၃၆ ၊ လူဦးရေ စုစုပေါင်း ၄၆၄ ဦးခန့် က လာရောက်ခိုလှုံနေရကြောင်း ရန်အောင်မြေဆရာတော် ဦးက္ကန္ဒဝံသ က ပြောသည်။

“တိုက်ပွဲတော့ တိတိကျကျ မသိ ၊ ဒီက ကြားရတာတော့ လက်နက်ကြီး အသံတွေ တော့ ကြားရတယ်။ အဲ့ဘက်မှ လူတွေမရှိတော့ ဘယ်သူကိုမျှ ဆက်သွယ်လို့ မရဘူးလေ။အဓိက လိုအပ်တာက မနေ့က မိုးတွေ နည်းနည်းရွာတယ်။ လေတိုက်တယ်ဆိုတော့ တာလဘတ် ဖျာတွေနဲ့ ကာထားရတော့ နည်းနည်းပါးပါးတော့ အခက်အခဲရှိတယ် ။ စားစရာ သောက်စရာ တွေ လိုတယ်။ အခုတော့ ဖြစ်သလိုပဲ နေရတယ်။ အဆင်ပြေတယ်လိုပဲ ပြောရမယ်။ ဘာဖြစ်လဲဆိုတော့ ရာသီဥတုက လက်တလော ဖောက်ပြန်ပြီးလာတာကို ၊ ဘယ်တတ်နိုင်မလဲ ၊ လောလောဆယ်တော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတာပဲ ၊ လက်ရှိတော့ ကျေးရွာစောင့်ရှောက်မှုတွေတော့ လုပ်ထားပေးတာ ရှိတယ် “ ဟု ရန်အောင်မြေဆရာတော် ဦးက္ကန္ဒဝံသ က ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts