All News Local News

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အလှူ နိုင်ငံရေး မပါ၊ ကျန်းမာရေးပေါ် မူတည်၍ အမြဲ လာလေ့မရှိဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့က နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ မဟာပရဟိတဂေဟာ(စမတောင်)တွင် သြင်္ကန်မတိုင်မီ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီ စုစုပေါင်း ၅၀၀ ကျော်တို့ကို အလှူ ပြုလုပ်မည်ဖြစ်သော်လည်း အလှူသည် နိုင်ငံရေး မပါကြောင်း ဂေဟာ တာဝန်ရှိ ဆရာတော်က ပြောသည်။

ဦးသန်းရွှေနှင့်ဇနီးဒေါ်ကြိုင်ကြိုင်၊ ၎င်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ်စိုးရှိန်နှင့် ဇနီး ဒေါ်အေးအေးစန်းတို့က ဧပြီ ၁၂ ရက်နေ့တွင် အလှူလုပ်မည်ဖြစ်ပြီး ယခုနှစ်ဆိုလျှင် ၁၂ ကြိမ်မြောက် ရှိနေပြီဖြစ်ကြောင်း၊ ဦးသန်းရွှေသည် ကျန်းမာရေးပေါ်မူတည်၍ အလှူလာလေ့ရှိကြောင်း၊ သိမ်ဆင်းလောင်းချိန်များတွင် လာရောက်လောင်းလေ့ရှိသော်လည်း ယမန်နှစ်က အလှူတွင် မူ လာရောက်ခြင်းမရှိဟု ဆရာတော်က ဆိုသည်။

“အလှူရှိတာ ဟုတ်ပါတယ် ဒကာကြီး။ တစ်နှစ်တည်းမဟုတ်ဘူး။ သူတို့လာလုပ်တာ ၁၂ ကြိမ်မြောက်ဖြစ်နေပါပြီ။ လာတဲ့အချိန်လည်း လာတယ်။ မလာတဲ့အချိန်လည်း မလာဘူး။ ကျန်းမာရေးပေါ် မူတည်ပြီးလုပ်ကြတယ်။ ဆွမ်းလာလောင်းတဲ့အချိန်လောင်းတယ်။ ဗိုလ်ချုပ်တို့(ဗိုလ်ချုပ်စိုးရှိန်) ကတော့ဒီမှာ အမြဲရှိတာပေါ့။ ဦးသန်းရွှေကတော့ တစ်ခါတစ်ရံ လာတယ်။ တစ်ခါတစ်ရံ မလာဘူးပေါ့။ မနှစ်ကတော့ ဦးသန်းရွှေတို့ မလာဘူး။ ” ဟု ဆရာတော်က ဆိုသည်။

သတင်းမီဒီယာသမားများအနေဖြင့် လာရောက် သတင်းရယူခြင်းကို ခွင့်ပြုသော်လည်း သာသနာပြုသက်သက်ဖြစ်ကြောင်း၊ နိုင်ငံရေးမပါကြောင်း ပြောဆိုသည်။

“ဘုန်းဘုန်းတို့ကတော့ လာလို့ရပါတယ်။ နိုင်ငံရေး ဘာအရေးမပါဘူး။ တစ်ခုပဲ မေတ္တာရပ်ခံချင်တာက ပုဂ္ဂိုလ်ရေးထောက်ပံ့တဲ့အတွက် ဘုန်းကြီး လုပ်ပေးခဲ့တဲ့အတွက်ဒီကျောင်းက ဒီလောက်အောင်မြင်နေတာလေ။ ဘုန်းကြီးရဲ့ ထောက်ပံ့မှုနဲ့ ဒီကလေးတွေ အများကြီးကျွေးနိုင်တယ်။ လှူနိုင်တာပေါ့။ ကျွေးနိုင်တာပေါ့။ တစ်ခါတစ်ခါကျတော့ ဒီပြင်ဟာတွေ ပါလာရင် ခေါင်းရှုပ်လွန်းအားကြီးလို့ပါ။ သာသနာပြု ဆိုတော့ သာသနာပြု သက်သက်ပဲ” ဟု ဆရာတော်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ၂၀၁၁ အနားယူပြီးချိန်မှစ၍ လူမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး နီးစပ်သူများက နေအိမ်တွင် စာဖတ်ပြီး အေးဆေးစွာ နေနေသည်ဟု ပြောဆိုသဖြင့် စာဖတ်သူကြီးဟု ဝေဖန်သူများက ခေါ်ဝေါ် သုံးနှုန်းလေ့ရှိသည်။

ဓာတ်ပုံ- ဦးသန်းရွှေနှင့်ဇနီးကို ကိုယ်ရေးအရာရှိ ဦးစိုးရှိန်နှင့်အတူ ရှိနေသည့် File Photo။ Photo Credit- Getty Image

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com