Local News political news

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို တပ်မတော်က တရားစွဲဆိုထားမှု အခြေခံဥပဒေနှင့် မကိုက်ညီဟုဆို

ရန်ကုန်၊ ဧပြီ ၁၉

တပ်မတော်က ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့ဖြင့် တရားစွဲဆိုထားမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ကိုက်ညီမှု မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တပ်မတော်က ပုဒ်မ ၅၀၅ (က ) (ခ) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၏ အာမခံလျှောက်ထားမှုကို ယနေ့တိုက်ကြီးမြို့နယ် တရားရုံးက ပယ်ချပြီး အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပွဲတွင် တပ်မတော်နှင့် ပတ်သက်သည့် အကြောင်း အရာများကို ဟောပြောခဲ့မှုကြောင့် တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုဗိုလ်မှူးကြီးတိုးလွင်ကရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီကနေ့ တိုက်ကြီးမြို့နယ်တရားရုံးမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး တိုးလွင် ကနေ တရားလိုလုပ်ပြီးဦးတည်လျှောက်ထားတရားစွဲဆိုတဲ့ အမှု ၊ အမှုနံပါတ်ကတော့ ရာဇဝတ်ကြီး ( ၇၀၇/၂၀၁၉ ) စွဲဆိုတဲ့ ပုဒ်မက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က /ခ ) နဲ့ စွဲဆိုတယ်။ အဲ့ဒီအမှုကို တရားလိုကို ဒီကနေ့ စတင်စစ်ဆေးခဲ့ရာတစ်ဝက် တော့ပြီးသွားပြီ ။ အခု အဲဒါကို ကျနော်တို့က အာမခံ လျှောက်တဲ့အခါ အာမခံ ခွင့်မပြုဘူး။ ရုံးချိန်းကို ဧပြီ ၃၀ ရက်နေ့ ပေးလိုက်တယ်။ သူ့ကိုအင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။

ဧပြီလ(၁) ရက်နေ့၊ ညနေပိုင်းက အဖျောက်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲတွင် ဦးနေမျိုးဇင်၏ ပြောကြားချက်များအပေါ်တပ်မတော်၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန်၊ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ဟောပြောမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ တို့ဖြင့် တပ်မတော်က အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုသည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော် တရားစွဲဆိုမှုသည် အခြေခံဥပဒေ ပုဒ်မ ၃၅၄ နှင့်မကိုက်ညီကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။

“ ကျနော်တို့ ပြောချင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄ ၊လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ တရားဝင် ခွင့်ပြုချက်ယူပြီးတော့ဟောပြောတဲ့ ကိစ္စမှာ အခုလို အရေးယူမှုတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄နဲ့ မကိုက်ညီဘူးလို့ ကျနော်တို့က ပြောချင်တယ်။ ဒါတွေမဖြစ်သင့်တော့ဘူး။ ခေတ်ကတိုးတက်လာတဲ့ ခေတ်ပါ။ တိုးတက်လာတဲ့ ခေတ်မှာဒါမျိုး မဖြစ်သင့်ပါဘူး “ ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က
ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက် ၊ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊ရေးသားဖြန့်ဝေခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ်၊ မေလတွင် တရားရင်ဆိုင်နေရသောဗိုလ်ကြီးဟောင်း နေမျိုးဇင်။ (Photo Credit – Nay Myo Zin Facebook)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com