All News Local News

ပဲခူး၊ ကျောက်ကြီးတွင် လမ်းနှင့်တံတား ဆက်ဖောက်မည်ဟု တပ်မတော်ကြေညာမှု စစ်ရေးအရ အမြင်တစ်မျိုးဖြစ်နေဟု KNU ပြောဆို

ရန်ကုန်၊ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် တံတားဆောက်လုပ်နေမှုနှင့် လမ်းဖောက် လုပ်မှုများကို ဆက်လက်ဆောင်ရွက်မည်ဟု တပ်မတော်က ကြေညာမှုသည် စစ်ရေးအရ အမြင်တစ်မျိုးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုကွယ်စောကွယ်ထူးဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သံဘို-မူသဲ-ဘော်စဲခို-ပလာခို့-ယွန်းစလင်း ဖွံ့ဖြိုးရေး လမ်းပေါ်ရှိ မူသဲ တံတားဆောက်လုပ်နေမှုနှင့် လမ်းဖောက်လုပ်မှုများအား နယ်မြေ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကန့်ကွက်မှုများ ရှိနေလင့်ကစား လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး များကို ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း မတ် ၃၁ ရက်နေ့ တွင် တပ်မတော်က ကြေညာချက်ထုတ်ပြန်သည်။

ကျောက်ကြီးနှင့် တောင်ငူမြို့များသို့ အလွယ်တကူသွားလာနိုင်မည့် လမ်းအရှည် ၅၁ မိုင် ၇ ဖာလုံရှိသည့် သံဘို-မူသဲ-ဘော်စဲခို-ပလပ်ခို-ယွန်းစလင်း လမ်းဖောက်နေမှုများ ကိုတပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ၁၂ ပေလမ်း မှ ၃၄ပေအကျယ်လမ်းကြောင်း အဖြစ် နှစ်အလိုက်စီမံချက်ချမှတ်ကာ ပြုပြင်ပေးနေခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်ပြာဆိုသည်။

KNU ပြောရေးဆိုခွင့်ရှိသူအထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ဒီတပ်မတော်က သူရဲ့ ပြည်သူ့ ခရီးသွားလာရေး ၊ သာယာချော့မွတ်ဖို့အတွက် စီးပွားရေးလုပ်ငန်း ချောမွေ့စေဖို့အတွက် ဆောင်ရွက်တာဖြစ်ပေမယ့် ဒီဘက်က စစ်ရေးအရ အမြင်တစ်မျိုး ဖြစ်တယ်။ ပြည်သူ့လူထုကလည်း သူတို့နေရာ ထိခိုက်မယ်ဆိုတဲ့အမြင်နဲ့ ကျနော်တို့ ကြားသိရတာပေါ့။ ဒါပေမယ့် နောက်ဆုံးအခြေအနေအရ အဲ့အောက်ခြေမှာ တွေ့ဖို့ အစီအစဉ်ရှိမယ်ထင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်တွေ နှစ်ဖက် တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်။ တွေ့ပြီးတော့ သူတို့ ဘယ်လိုသဘောထားရှိလဲ ၊ ညှိနှိုင်းရမယ်ဆိုတာ သိရမှာပေါ့။ အခုလောလောဆယ်တော့ ကျနော်အနေနဲ့ ဗဟိုတော့ တိုက်ရိုက်တင်ပြထား တော့ မရှိဘူး။ သို့သော် အဓိက သက်ဆိုင်ရာ တပ်မဟာ ၊ ခရိုင် ၊ ပြည်သူ့လူထုအပေါ်သာ မူတည်ပါတယ်“ ဟု ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးအောင်ကမူ တပ်မတော်အနေဖြင့် ကြေညာထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဗိုလ်မှူးကြီးမျိုးအောင်က “လမ်းဖောက်မှု အခြေအနေက လမ်းကတော့ သိတဲ့အတိုင်းပဲ အရင်တုန်းကတော့ ဒီလမ်းတွေက ရှိပြီးသားပါ ။ အရင်တုန်းက ၁၂ ပေ အကျယ်လမ်းအဖြစ် ရှိပြီးသားဖြစ်ပါတယ်။ အခုကျတော့ ဒီလမ်းကို ဒီထက်ပိုပြီးတော့ ကောင်းမွန်အောင် သဘောမျိုးနဲ့ ၃၄ ပေ အကျယ် ချဲ့တာပေါ့။ အဲ့လမ်းပေါ်မှာ ၃၄ ပေ ချဲ့ ပေးတာ တစ်ဆက်တည်း တချို့နေရာတွေက သိတဲ့အတိုင်း ချောင်းတွေ၊ တံတားဆောက် တဲ့နေရာတွေ ရှိတယ် ။ တချို့နေရာတွေမှ ရေပြွန်တွေ ထည့်ရမယ့်နေရာတွေ ရှိတာပေါ့ ။ ဒါတွေကို လက်ရှိ လမ်းချဲ့တာနဲ့ တပြိုင်နက် တစ်ခါတည်း လုပ်သွားမှာ ဖြစ်တာနဲ့အညီ၊ ဒေသဖွံ့ဖြိုးရေး ဖြစ်တာ ဖြစ်တဲ့အညီ လုပ်ကိုလုပ်ရမယ့် အစီအမံ။ တစ်ဖက်ကလည်း သိတဲ့အတိုင်းပဲ ဒေသဖွံ့ဖြိုးရေး လမ်းဖြစ်တယ်။ တစ်ဖက်ကလည်း တပ်ကနေပြီးတော့ အုပ်ချုပ်ရေး ကိစ္စတွေမှလည်း အရင်တုန်းကလည်း နှစ်စဉ်လုပ်နေတဲ့ နွေရာသီလမ်း ဖြစ်တယ်။ အဲ့ဒီအပေါ် မူတည်ပြီး လက်ရှိပိုပြီးတော့ အမာခံဖြစ်အောင် ၊ ပိုပြီးတော့ သွားလာမှု လွယ်ကူအောင် သဘောမျိုးနဲ့ လုပ်တာပါ။ ဆက်ပြီး လုပ်တာတော့ လုပ်ရမယ်” ဟု ပြောသည်။

တပ်မတော်အနေဖြင့် အဆိုပါလမ်းဖောက်လုပ်မှု စီမံကိန်းနှင့်ပတ်သက်ပြီး ကေအဲန်ယူ – ကရင် အမျိုးသားအစည်းအရုံး၊ ညောင်လေးပင် ခရိုင်နှင့် ဒေသခံအချို့ ၏ ကန့်ကွက်မှုများ ရှိနေသည့်အတွက် နှစ်ဖက်ညှိနှိုင်းမှု တစ်စုံတစ်ရာ ယနေ့အထိ ပြေလည်မှုမရှိသေးကြောင်း သိရသည်။

“အဓိကကတော့ လမ်းလုပ်ရခြင်း ရည်ရွယ်ချက် ဒီလမ်းကြီး ဖြစ်လာပြီးဆိုရင် တပ်ရဲ့ အကျိုးထက်စာရင် ကျနော်တို့တပ်တွေ အကျိုးဆိုတာက ကျနော်တို့က နွေရာသီလောက်မှာဘဲ ရိက္ခာ ပို့တာ တစ်ကြိမ်လောက်ပဲ ရှိတာ။ ကျန်တာအချိန်တွေအားလုံးက ဒီမှာရှိ တဲ့ ဒေသခံတွေအားလုံးက သွားလာဖို့ ဒီလမ်းသည် ကောင်းကောင်း အကျိုးပြုမယ့် အနေအထားတစ်ခု ရှိပါတယ်။ အဲ့တာကြောင့်မို့ ဒီလမ်းရဲ့ အသုံးဝင်ပုံကိုတော့ ဒေသခံတွေ တဖြည်းဖြည်း ချင်းတော့ နားရှင်းအောင်တော့ ပြောပြရမှာပေါ့ ။ KNU နဲ့ ပတ်သက်ရင်လည်း အလားတူပါပဲ။ ဒီလမ်းဖောက်ရတဲ့ ရည်ရွယ်ချက် ၊ ခံစားရမယ်ဟာတွေ သူတို့ သိရှိအောင် ချပြပြီးတော့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြောဆိုရမှာပေါ့“ ဟု တောင်ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးမျိုးအောင်က ပြောသည်။

ဓာတ်ပုံ- ပဲခူးကျောက်ကြီးဒေသ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မှုမြင်ကွင်းနှင့် မြေပုံ ။ Photo Credit – တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com