All News Local News Peace

ပစ်ခတ်မှုများနှင့် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာခြင်းကြောင့် ဘူးသီးတောင်တွင် ရွာလုံးကျွတ်ထွက်ပြေး

ရန်ကုန်၊ ဧပြီ ၂၀

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နွားရုံတောင်ကျေးရွာမှ ရွာသားများသည် ပစ်ခတ်မှုများနှင့် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောသည်။

နွားရုံတောင်ကျေးရွာမှ ရွာသားများသည် ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ပစ်ခတ်မှု
များရှိနေပြီး ၊ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ထိခိုက်မှု
များဖြစ်ပွား မည်ကို စိုးရိမ်ကြောက်လန့်သဖြင့် ယမန်နေ့က ရွာလုံးကျွတ်
ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ မနေ့ညနေကနေ ထွက်ပြေးလာကြတာ။ မနေ့က ဖုံညိုလိပ်ဘက်ကနေ နွားရုံတောင်နဲ့
နီးတဲ့ ထိပ်ထူးပေါက်တောင်ဆိုတာ ရှိတယ်။ အဲဒီထိပ်ထူးပေါက်တောင်ကို
အမြှောက်နဲ့ လှမ်းပစ်တာ ။ မနေ့ ညနေက စပစ်တာ ။ ပြီးတော့ ညနေဘက်
စစ်တပ်က ရွာထဲကို ဝင်လာတယ်။ အဲဒီတော့ အကုန်လုံးထွက်ပြေးကြတယ်။
ဒီမနက်တော့ အကုန်ထွက်ပြေးတယ်။ ရွာမှ တစ်ယောက်မှ မကျန်တော့ဘူး ။ ကျန်တာက
အဲ့ဒီမှာ နေမကောင်းတဲ့ လူနာ နှစ်ယောက်ပဲ ကျန်တယ်။ အဲ့လူနာကို သွားသယ်ဖို့
သေနတ်သံတွေ ကြားနေတော့ မသွားဖြစ်ဘူး” ဟု ဘူးသီးတောင်မြို့နယ် ၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။

အဆိုပါနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများသွားလာလှုပ်ရှားနေခြင်းသာဖြစ်ပြီး ယင်းပစ်ခတ်သည့် တပ်ဟာ မည်သည့်တပ်မှ ဖြစ်သည်ကို မသိရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

လက်ရှိတွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာသော ရွာသားများသည် စေတီတောင်ကျေးရွာရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းအဆက်အသွယ် မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts