All News Local News

နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက ကြေညာချက် ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၂

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား/အကျဉ်းသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန သတင်းထုတ်ပြန်သည်။

မီဒီယာတချို့သည် ဂျာနယ်နှင့် လူမှုကွန်ရက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ပေးရန် ရေးသားဖော်ပြနေကြကြောင်း၊ နိုင်ငံရှိ ဥပေဒများတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ တရားရုံးအသီးသီးကပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းထောင်များသို့ ပို့အပ်ထားသော အပြစ်ပေး ဝါရမ်းပေါ်တွင် နိုင်ငံရေးပြစ်မှု/ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါသည်ဟု ဖော်ပြ ရေးသားပေးပို့သော အကျဉ်းသား တစ်ဦးမှ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား မရှိကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းစဉ်ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများမှလည်း ၂၀၁၅ ခုနှစ်၊ သြဂုတ်၊ ၂၀၁၆ခုနှစ်၊ ဇွန်၊ ၂၀၁၇ ခုနှစ်၊ ဇွန်လတို့တွင် လွှတ်တော်တွင် အထောက်အထားများဖြင့် ဖြေကြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့တစ်ခုက နိုင်ငံရေးအကျဉ်းသားဟု ဖော်ပြထားသော ၄၈ ဦးစာရင်းကို စိစစ်ရာတွင် ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦး၊ လွတ်မြောက်သူ ၄ ဦး၊ ရှာမတွေ့သူ ၇ ဦး ရှိပြီး ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးသည် နိုင်ငံရေးဆောင်ရွက်နေခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသူများမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအား ထိပါးနှောင့်ယှက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း၊ အကြမ်းဖက်မှု ဆောင်ရွက်ခြင်းနှင့် ရာဇဝတ်မှု ပြစ်မှု ကျူးလွန်နေ၍ ပြစ်ဒဏ်ကျခံ နေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကျူးလွန်ခဲ့သော ပြစ်ဒဏ်များကို လျော့နည်းစေရန် နိုင်ငံရေးအကျဉ်းသား အမည်ခံ၍ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts