Local News Peace political news

နမ့်ခမ်းတွင် လက်နက်ကြီးပေါက်ကွဲ၍ ကလေးငယ် ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရမႈ တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ဝမ်းနည်းကြောင်း ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၉

ရှမ်းပြည်နယ် ၊ နမ့်ခမ်းမြို့နယ် ၊ မန်ပန်ကျေးရွာတွင် ဧပြီလ ၂၆ ရက်နေ့က ကလေးများ ဆော့ကစားနေစဉ် လက်နက်ကြီး ကျည် ရုတ်တရက် ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရှိရသည်။

၂၀၁၉ခု၊ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်း ၆ နာရီ ၃၀ မိနစ်အချိန် နမ့်ခမ်းမြို့၊မန်ပန်ကျေးရွာတွင် လက်နက်ကြီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ကလေးများသည် ဘောလုံးကစားပြီး အိမ်ဘေးတနေရာရှိ ကားဘီးခွံအနီးတွင် အနားယူနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မန်ပန်ကျေးရွာနေ မိုင်းနိုင်ဖြိုးအေး အသက်(၇)နှစ်နှင့် လွေးအီဟွမ် အသက် (၂)နှစ်တို့ သေဆုံးသွားကြောင်း ၊ ကျန်ကလေး (၈)ဦးက ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသည့် ကလေး(၈)ဦးမှာ နမ့်ခမ်းသို့ ဆေးကုသမှုခံယူနေဆဲဖြစ်သည်။

ယင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ပလောင် တပ်မတော် TNLA ပုံမှန် တိုက်ပွဲဖြစ်ပွားလေ့ရှိသော နေရာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်ကာလ မပေါက်ကွဲသေးဘဲ ရှိနေသည့် လက်နက်ကြီးကျည်များရှိနေသည့်နေရာလည်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံတိုင်းရင်းသားတွေ သွားလာသည့်နေရာ၊ လုပ်ကိုင်စားသောက်သည့် နေရာများတွင် လက်နက်ကြီးပစ်ခတ်ခြင်း ၊ မိုင်းထောင် ၊ မိုင်းသုံးခြင်းများ မပြုလုပ်ကြရန် တအာဝ်း အရပ်ဖက်အဖွဲ့အစည်းများက ဧပြီလ ၂၉ ရက်နေ့က တောင်းဆိုလိုက်သည် ။

ရှမ်းပြည်နယ်ရှိ တအာဝ်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ ၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ ၃ ဖွဲ့ ပေါင်းပြီး ဧပြီ ၂၉ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင်က ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်တွင် လက်ရှိ ရှမ်းပြည်နယ်ဒေသအတွင်း ထိုးစစ်ဆင် တိုက်ပွဲများ ရပ်တန့်ပေးရန် ၊ တိုင်းရင်းသားဒေသအတွင်းရှိ တပ်စခန်းများကို ရုပ်သိမ်းပေးရန် ၊ ဒေသခံတိုင်းရင်းသားများ လုပ်ကိုင်စားသောက်သည့်နေရာများတွင် မိုင်းသုံးခြင်း ၊ မိုင်းထောင်ခြင်းများ မလုပ်ကြရန် ဆိုသည် အချက် ၃ ချက် ပါဝင်သည်။

“ ကလေးတွေက ဒါဘာလဲ ဆိုတာ မသိဘူး။ ယူဆော့ရင် ယူဆော့မိမယ်။ ပေါက်ကွဲတက်မှန်းလည်း သူတို့ မသိဘူးဆိုတော့ ကျမထင်တာက ဘယ်အဖွဲ့အစည်းမဆို ကျန်နေတဲ့ ပစ္စည်းတွေမှ တာဝန်ယူမှု ၊ တာဝန်ခံမှု ၊ ဖြစ်စေချင်တယ်။အခု က စစ်လက်နက် လက်ကျန်ပစ္စည်းပဲ ယူဆထားတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲလည်း မဖြစ်ဘူး။ ဟိုဘက် ၊ ဒီဘက် ပစ်ထားတာလည်း မရှိဘူး။ တစ်ခါမှလည်း ရွာအထဲမှာ ပေါက်ကွဲမှု ဖြစ်တာ မရှိဘူး“ ဟု တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ လွေးလှားရိန်းက ပြောသည်။

ယခု ပေါက်ကွဲသည့် လက်နက်ကြီးကျည်သည် ၂၀၁၈ ခုနှစ် ၊ တိုက်ပွဲအတွင်းကျန်ရှိသည့် စစ်လက်ကျန် လက်နက်ကြီးကျည်ဖြစ်ပြီး ထပ်မံ၍ ပေါက်ကွဲမှုများမဖြစ်စေဖို့ တိုက်ပွဲ ဖြစ်ပွားခြင်းများကို ရပ်တန့်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“ ကျမတို့ ဖြစ်နိုင်တာက တိုက်ပွဲက မဖြစ်တာက အကောင်းဆုံးပဲ ။ တိုက်ပွဲရှိနေသရွေ့ ဒီအဖွဲ့အစည်းတွေ ရှိနေသရွေ့ အန္တရာယ်ကတော့ ရှိနေမှာပဲ။ ဒါက သူတို့က တိုက်ပွဲဖြစ်ရင် တစ်ခုမဟုတ် တစ်ခုက ပေါက်ကွဲလို ဒီပစ္စည်းတွေက သုံးနေတာပဲ။ အကောင်းဆုံးက ဒေသအတွင်း ထိုးစစ် ရပ်ပေးဖို့ ၊ တချို့ဆိုရင် တပ်တွေ ထပ်တိုးထားတာ ရှိတယ် ။ အဲ့တာတွေ ရုတ်သိမ်းပေးဖို့ လိုတယ်။ သူတို့က တပ်တိုးနေသမျှ တိုင်းရင်းသားဒေသတွေမှ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ကိုယ်နေရာကို ကာကွယ်ရမယ့် တာဝန်ရှိနေတော့ သေချာတယ်။ “ ဟု တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ လွေးလှားရိန်းက ပြောသည်။

၂၀၁၉ ခုနှစ် ၊ ဧပြီ ၄ ရက်နေ့ ၊ UNICEF ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ၂၀၁၈ ဇန်နဝါရီလ မှ ၂၀၁၉ မတ်လအထိ လက်နက်ကြီး ပစ်ခတ်မှု ၊ ပေါက်ကွဲ မှု ၊ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၇ ဦး ရှိပြီး ယင်းတို့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသအတွင်း သေဆုံးသူ ၃၀ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁၂ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော ကလေးငယ် တစ်ဦး။

Photo Credit – တအာင်းမြေ

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts