All News Local News

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့် ၊ ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဧပြီ ၁၉

သြင်္ကန်ကာလ သံချပ်ထိုးခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၅ ဦးကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ပြီး ၁ ဦးကို ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်၏ အမှုဖွင့်ခံရသူ ၅ ဦးမှာကိုဇယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူ၊မ ကေခိုင်ထွန်း၊ ကိုဖိုးသား(ခ) ဇော်လင်းထွဋ်တို့ဖြစ်ကြောင်း သိရှိရသည်။

အမှုဖွင့်ခံရသူ တစ်ဦးဖြစ်သူ မကေခိုင်ထွန်းမှာ သူနာပြုတစ်ဦးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်စဉ် ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“မကေခိုင်ထွန်းကို ဖမ်းတော့ ဝရမ်းပြပြီး ဖမ်းတာ။ ဝရမ်းထဲမှာ ၅ ဦးပါတယ်။ တပ်မတော်က အမှုဖွင့်တာ။ ရန်ကုန်တိုင်းက”ဟု ဒေါင်းတို့မျိုးဆက် သံချပ်အသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ပြဌာန်းချက်အရ တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားအား စစ်ပုန်ကုန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ ပြုစေတန်ရာသည့် အကြောင်းရှိလျှင်၊ အကြံရှိလျှင် (သို့မဟုတ်) ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်ကပုဒ်မ ၆၆ ဃဖြင့်လည်း ဒေါင်းတို့မျိုးဆက်အသင်းမှ အဖွဲ့ဝင် ၄ ဦးကို မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ထားပြီး ယခု ထပ်မံ၍ အမှုဖွင့်ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts