All News Local News

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင် ၅ ဦး အာမခံမရဘဲ အင်းစိန်ထောင်ပို့၊ ဧရာဝတီတိုင်းတွင်လည်း အမှုများ ထပ်မံဖွင့်ခံနေရ

ရန်ကုန်၊ ဧပြီ ၂၂

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၅ ဦး ကို မရမ်းကုန်းမြို့နယ် တရားရုံးက အာမခံ မပေးဘဲ ယနေ့ အင်းစိန်ထောင်ပို့လိုက်ကြောင်း သိရှိရသည်။

တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇေယျာလွင်၊ မကေခိုင်ထွန်း၊ ကိုဖိုးသားတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့ အာမခံ ပယ်ချပြီး အင်းစိန်ထောင်ပို့လိုက်ခြင်းဖြစ်သည်။

” ၅ ဦးလုံး အင်းစိန်ထောင်ပို့လိုက်ပြီ။ အခုပဲ အင်းစိန်ထောင်က ပြန်လာတာ” ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ပြောသည်။

ဆကဆမရမ်းကုန်းမြို့နယ်ရဲစခန်းတွင်ပင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ထားသည်။

အလားတူ ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မ ရဲစခန်းတွင်လည်း ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် ၂၅ ဦးကို ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့ဝင်များက လာရောက် အကြောင်းကြား စစ်ဆေးမှုရှိကြောင်း ကိုနန်းလင်းက ဆိုသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က သွားရောက် ဖျော်ဖြေခဲ့သည့် မအူပင်၊ ဒေးဒရဲ၊ ဖျာပုံမြို့နယ်များတွင်လည်း ထပ်မံ အမှုဖွင့်ခံရမည့် အခြေအနေ ရှိနေကြောင်း ကိုနန်းလင်းက ဆိုသည်။

တပ်မတော်က ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ တို့ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားပြီး ဧရာဝတီသတင်းဌာနကိုလည်း ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ထားသည်။

ဓာတ်ပုံ- ယနေ့ မရမ်းကုန်းမြို့နယ်တရားရုံးတွင် တွေ့ရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ဝင်များ။ Photo Credit- ကျောင်းသားခေတ်ဂျာနယ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com