All News interview

“ဒုတိယအကြိမ် အကျဉ်းသား ၆၉၀၀ ကျော် လွှတ်ပေးမှုမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ လွတ်မြောက်”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP )၏ ရန်ကုန်တာဝန်ခံ ဦးအောင်မျိုးကျော်နှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်အတွက် ဧပြီလ ၁၇ ရက်နေ့တွင် ပထမအကြိမ် အကျဉ်းသား ၉၀၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပေးပြီးနောက် ဧပြီ ၂၆ ရက်နေ့တွင် အကျဉ်းသား ၆၉၀၀ ကျော် ကို ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်။ ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ပြီး ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဒီကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၆ ထောင်ကျော်ထဲ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် လွတ်မြောက်လာပါသလဲ။

ဖြေ။ ။ ဒီတစ်ခေါက်မှာတော့ ၃ ယောက်ပါတယ်။ ဦးဇော်ဂျတ် ၊ ကိုလွမ်းဇောင်း ၊ ကိုဂျေခေါင် ၊ အားလုံးက မြစ်ကြီးနားထောင်အကျဉ်းထောင်ကပဲ။

မေး ။ ။ နောက်ထပ် တတိယအကြိမ် လွှတ်ငြိမ်းချမ်းသာပေးမယ့် သတင်းတွေ ကြားသိရသေးလဲ။ အဲ့ဒီအပေါ် အမြင်သဘောထားက…

ဖြေ ။ ။ အခုက တိုင်းနှင့် ပြည်နယ် မှရှိတဲ့ အကျဉ်းထောင် ၇ ခုကနေ လွတ်တာလေ။ ဒီမနက် ဦးဇော်ဌေးပြောသွားတာက နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ လွှတ်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ၊ နိုင်ငံရေးက အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးနိုင်ဖို့ သူတို့ စိစစ်နေပါတယ်ဆိုပြီး ပြောတယ်။ တတိယအကြိမ် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ၊ လွတ်မြောက်လာမယ်လို မျှော်လင့်နေပါတယ်။ လွတ်မြောက်လာစေဖို့ ၊ လွှတ်ပေးပါလို ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။

မး ။ ။ NLD အစိုးရလက်ထက်မှ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုပြီး အကျဉ်းဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားတာ ရှိတယ်။ အဲဒီအပေါ်….။

ဖြေဖ။ ။ သူတို့ အကျဉ်းဦးစီးဌာနက ဘယ်လောက်ထုတ်ပြန် ၊ ထုတ်ပြန် ဒီနေ့ ဦးဇော်ဌေး အင်တာဗျူးမှာ ပါသွားတယ်လေ။ နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့သူတွေ ၊ ဒါတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတာ အစိုးရ က အသိအမှတ်ပြုလက်ခံထားတယ်။

အကျဉ်းဦးစီးကတော့ တရားရုံးကနေ အမိန့်ချလိုက်တဲ့သူတွေကို သူတို့ရဲ့ လုံ့ခြုံရေးအရ ထိန်းသိမ်းထားရတဲ့ ဦးစီး ဌာနတစ်ခုပဲလေ။ အဲဒီတော့ သူတို့ ပြောတာက တရား မြင် ထင်တာပဲ။ သူတို့ကအမြဲတမ်းပြောနေတဲ့ဟာပဲ။ ဦးဇော်ဌေးပြောတာက ဦးဇော်ဌေးသည် သမ္မတရုံး ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဖြစ်တယ်။ ပြောလိုက်တဲ့အခါ နိုင်ငံရေးအကျဉ်းသားလို့ တိုက်ရိုက် ပါရုံသာမက နိုင်ငံရေးအရ ဖမ်းထားတဲ့သူတွေပဲ။ ဒီလူတွေကို လွှတ်ပေးဖို့အတွက် စနစ်တကျစိစစ်နေတယ်လို ပြောသွားတယ်။ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတာကို အစိုးရက အသိအမှတ်ပြုထားတာပဲ။ ဒီလူတွေ လွှတ်မြောက်ဖို့အတွက် အစိုးရက ထပ်ပြီး ကြိုးစားပေးမယ်လို့ ယုံကြည်တယ်။ မျှော်လင့်တယ်။

မေး ။ ။ အခုလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက် နိုင်ငံသားအကျဉ်းသားတွေ တစ်ကြိမ်ပြီး တစ်ကြိမ် လွှတ်မြောက်လာတဲ့အပေါ် ဘာတွေ မျှော်လင့်ထားသလဲ။

ဖြေ။ ။ ဒီအပေါ်တော့ ကြိုဆိုပါတယ်။ နေရာဇုန်အလိုက် လွှတ်ပေးတဲ့အပေါ် ကျနော်တို့ က ကြိုဆိုပါတယ်။ ဒါမှသာလျှင် နည်းနည်းနဲ့ စနစ်တကျ စိစစ်ပြီး လွှတ်ပေးနိုင်မှာ ။မဟုတ်ရင် တအုန်းအုန်း လွှတ်မယ်ဆိုရင် မလွှတ်သင့်တဲ့သူတွေ မလွှတ်သင့် ၊ လွှတ်သင့်တဲ့သူတွေ ကျန်ခဲ့မယ် ။

အခုလို စနစ်တကျ စိစစ်ပြီး လွှတ်ပေးတယ်ဆိုတော့ ကျနော်တို့က ကြိုဆိုတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ၊ လက်နက်ကိုင်တပ်ဖွဲ့ တွေ တောင်းဆိုထားတဲ့ကိစ္စတွေ ဒီလိုမျိုးလွှတ်ပေးဖို့ စဉ်းစားတယ်ဆိုတာက အင်မတန်ကောင်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို အပြီးတိုင် လွှတ်ပေးဖို့ အရေးကြီးပါတယ်။

နိုင်ငံရေးအကျဉ်းသား ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက ဖြစ်လာမယ်မဟုတ်ဘူး ။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ ကျနော်တို့က မျှော်လင့်ပါတယ်။ လွှတ်ပေးဖို့ လည်း သမ္မတကြီး မေတ္တာရပ်ခံချင်ပါတယ်။

ဓာတ်ပုံ- မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကချင်လူငယ်ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျတ်။

Photo Credit – Kachin Youth Movement

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com