All News

ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် လက်ဝယ်တွေ့ရှိသူများ ပါဝင်

နေပြည်တော်၊ ဧပြီ ၂၆ (သတင်းတမန်)

နိုင်ငံတော်သမ္မတက ယနေ့ တွင် အကျဉ်းသား ၇၀၀၀ ခန့်ကို ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးကထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အကျဉ်းသား ၇၀၀၀ ခန့်တွင် မူးယစ်ပုဒ်မ ၁၅ (သုံးစွဲသူ) ပုဒ်မ ၁၆ (လက်ဝယ်တွေ့ရှိသူ) တို့ ပါဝင်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတသည် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/စခန်းများမှ အကျဉ်းသားာ ၉၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ယင်းအထဲတွင် ပုဒ်မ ၁၆ လက်ဝယ်တွေ့ရှိသူများပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ်တုန်းကလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်မူ ပုဒ်မ ၁၅ သုံးစွဲသူများပါဝင်ခဲ့သည်။

ယင်းအတွက် မူးယစ်ပုဒ်မ ၁၅ /၁၆ တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူအကျဉ်းသားများသည် အကျဉ်းထောင်အတွင်း ဆန္ဒပြဆူပူမှုများပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရွှေဘိုအကျဉ်းထောင် နှင့် မုပ္ပလင်အကျဉ်းစခန်းရှိ အကျဉ်းသားများမှာ လွတ်ငြိမ်းချမ်းသာခွင့်မရသည့်အပေါ် ဆူပူဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ မူးယစ်ပုဒ်မ ၁၅ သမားများ၊ မူုးယစ်ပုဒ်မ ၁၆ သမားများ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြသော်လည်း မူးယစ်ပုဒ်မ ၁၅/၁၆ သမားများမှာ လွတ်ငြိမ်းချမ်းသာခွင့်မရရှိခြင်းအပေါ် မျှတမှုမရှိဟုဆိုကာ ၎င်းတို့က ဆူပူဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အပြီး ယနေ့တွင် နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၉၄၈ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးခဲ့ခြင်းသည်။

ယင်းအထဲတွင် မူးယစ်ပုဒ်မ ၁၅/၁၆ နှင့်ပြစ်ဒဏ်ကျနေသူများပါမပါ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုး ကို သတင်းတမန်က မေးမြန်းရာ “စာရင်းထဲမှာတော့တွေ့နေရတယ်။ ဒါပေမဲ့ အတိအကျကိုတော့ ညနေလောက်မှသိရမယ်ခင်ဗျ။ ကျွန်တော်တို့ အခုက စီစစ်နေဆဲမို့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အကျဉ်းသား ၇၀၀၀ ခန့်အပြင် ကျန်ရှိနေသော အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကို စနစ်တကျစီစစ်လျက်ရှိပြီး လွတ်ငြိမ်းသက်သာခွင့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

Y(သတင်းတမန်)

ဓာတ်ပုံ – ဧပြီ ၁၇ ရက်နေ့က ပေးခဲ့သော နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့် နှင့် အတူ လွတ်မြောက်ခဲ့သည့် ခန္တီးအကျဉ်းထောင်မှ အကျဉ်းသားအချို့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts