Editorial political news

တပ်မတော်သည် မီဒီယာနှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုခြင်းဖြင့် ဒီမိုကရေစီကို ဖျက်ဆီးနေသည်

အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရတပ်မတော်သည် မီဒီယာနှင့် တက်ကြွလှုပ်ရှားသူများကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမှုဖွင့် တရားစွဲဆိုမှုများကို ဆက်တိုက်ဆိုသလိုပြုလုပ်လာသည်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ မဆုရတနာမြင့်၊ ကိုဖိုးသားတို့ကို တပ်မတော်က တရားလိုလုပ်၍ အမှုဖွင့် တရားဆိုထားသည်။ အလားတူ သတင်းမီဒီယာ တစ်ခုဖြစ်သော ဧရာဝတီကိုလည်း တပ်မတော်ကပင် အမှုဖွင့် တရားစွဲဆိုလာပြန်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း တပ်မတော် ကန့်ကွက်မှုများနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သည့်အတွက် တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ၊ ပုဒ်မ ၅၀၅ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် အမှုဖွင့်ပြီး ထောင်သွင်း အကျဉ်းချလိုက်သည်။ အလားတူပင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိုလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲတွင် တပ်မတော်ကို ဝေဖန်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ၊ ပုဒ်မ ၅၀၅ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

သြင်္ကန်ကာလ သံချပ်ထိုးခဲ့သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ လူငယ်များကိုလည်း တပ်မတော်က ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၆၆ ဃတို့ဖြင့် ထပ်မံ အမှုဖွင့် တရားစွဲဆိုပြန်သည်။

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း တိုက်ပွဲများမှတစ်ဆင့် တင်းမာသည့် တပ်မတော် သဘောထားများ ထွက်ပေါ်လာချိန်တွင် ပြင်ပတွင် တပ်မတော်အပေါ် ဝေဖန်မှုများ ကို တပ်အနေဖြင့် သည်းမခံတော့ဘဲ တရားစွဲဆိုခြင်းဟု မှတ်ယူရပေမည်။

ယခုနောက်ဆုံး ဧရာဝတီသတင်းဌာနကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် တရားစွဲလိုက်ပြန်သည်။

၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်သည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်နှင့် ဈေးကွက်စီးပွားရေးဖော်ဆောင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကျင့်သုံးနိုင်ရေး ကမကထပြုဆောင်ရွက်ပေးခဲ့ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ညင်သာချောမွေ့စေရေးအာမခံပေးခဲ့ကြောင်း ပြောဆိုထားသည်။

လက်တွေ့တွင်မူ တပ်မတော်၏ တရားစွဲဆိုမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောမွေ့စေရေးအတွက် အာမခံမှု မရှိတော့ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ကြောင်းပြန်သကဲ့သို့ ဖြစ်နေသည်။ တစ်နည်းအားဖြင့် တပ်မတော်က ဦးဆောင်၍ ဒီမိုကရေစီကို အရုပ်ဆိုး အကျည်းတန်စေသည်။ ဒီမိုကရေစီ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တပ်မတော်က ဖျက်ဆီးနေသည်။

အခြားသော တစ်ဖက်တွင်လည်း တပ်မတော်က အုတ်မြစ်ချထားပေးခဲ့သည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တပ်မတော်ကိုယ်တိုင်က မလိုက်နာသကဲ့သို့လည်း သက်ရောက်စေပြန်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင် နိုင်ငံသားတိုင်းသည် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ယခုကဲ့သို့ တပ်မတော်၏ တရားစွဲဆိုမှုများသည် အခြေခံဥပဒေနှင့်လည်း ကိုက်ညီမှု မရှိပေ။

အလားတူ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိပြီး အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်း ဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်တို့လည်း ပါဝင်သည်ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်အနေဖြင့် မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုခြင်းသည် ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းလည်းဖြစ်သည်။

တပ်မတော်အနေဖြင့် ဒီမိုကရေစီ ပုံရိပ်ကို အရုပ်ဆိုးအကျဉ်းတန်သော တရားစွဲဆိုမှုများအားလုံး ကို ပြန်လည်ရုပ်သိမ်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူ့ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ကာ တဖြည်းဖြည်း နိုင်ငံရေးမှ ဆုတ်ခွာပြီး တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ်ကာကွယ်သော ၊ လူထု၏ ထောက်ခံ မှု အပြည့်အ၀ ရရှိသော ပြည်ချစ် တပ်မတော်အဖြစ် အမြန်ဆုံးပြောင်းလဲရန် ရန်ကုန်ခေတ်သစ်က တိုက်တွန်းသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com