All News Peace

တပ်မတော်က ဖမ်းဆီးခဲ့သော လက္ကာရွာသား ၂၇ ဦးအနက်မှ သေဆုံးသွားသူ ၃ ဦး ရုပ်အလောင်းဓာတ်ပုံများ ရဲတပ်ဖွဲ့ ပြသ

ရန်ကုန်၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ကျေးရွာသား ၂၇ ဦးကို ဖမ်းဆီးပြီးနောက် ၃ ဦးသေဆုံးသွားခဲ့ရာ သေဆုံးသူများ၏ ဓာတ်ပုံများကို ရဲတပ်ဖွဲ့က ထုတ်ပြခဲ့ကြောင်း Narinjara သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

သေဆုံးသွားသူများမှာ ကိုဇော်မျိုးထွန်း (၂၅ နှစ်) ယွန်းချောင်း ကျေးရွာ၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် လက္ကာကျေးရွာနှင့် ဦးမောင်သန်းနု (၄၁) နှစ် လက္ကာကျေးရွာတို့ ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သေဆုံးသွားသော ကျေးရွာသား ၃ ဦးမှာ ညဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ရောဂါအခံများနှင့် သတ်သေမှုများကြောင့်ဖြစ်သည်ဟု ဆိုသည်။

“တစ်ဦးကတော့ ဆေးစစ်ချက်အရ နှလုံးရောဂါနဲ့ ဆုံးသွားတာ ရှိတယ်။ တစ်ဦးကတော့ သူဘာသာ ဆွဲကြိုးချပြီး ဆုံးတာ ။ နောက်ဆုံးတစ်ဦးကတော့ သူက အရင်ကတည်းက ဆေးစွဲနေတာ။ ကျနော်တို့ ဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေဆေးရုံမှာ ရင်ခွဲစစ်ဆေးချက် ယူထားတာ ရှိတယ်။ ပြီးရင် ရဲစခန်းတွေမှ သေမှုသေခင်း ဖွင့်ထားတာ ရှိတယ်။ နှိပ်စက်လို့ သေတာ မဟုတ်ဘူး။ ထင်သာမြင်သာအောင်လို့ ကျနော်တို့ဆီမှတောင် ဆေးစစ်ချက် မလုပ်ပါဘူး။ စစ်တွေဆေးရုံကြီးမှာပဲ ရင်ခွဲစစ်ဆေးပြီး ဆေးစစ်ချက်ယူခဲ့တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ရခိုင်အသိုင်းအဝိုင်းတွင်မူ သေဆုံးသူများသည် စစ်ကြောရေးတွင် နှိပ်စက်မှုကြောင့် သေဆုံးသည်ဆိုသော ဝေဖန် ယူဆချက်များ ပျံ့နှံ့လျက်ရှိသည်။

www.khitthitnews.com

Photo Credit – Narinjara

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com